မိတ္ထီလာမြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးတွင် လက်ရှိ ဆေးရုံတက်ရောက်ဆဲ လူနာများမှအပ ပြင်ပလူနာ ဆက်လက် လက်ခံနိုင်ခြင်း မရှိတော့ကြောင်း မိတ္ထီလာမြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးနှင့် လူမှုရေးအသင်းအဖွဲ့များထံမှ သိရသည်။
“ဆေးရုံကြီးက ပြင်ပလူနာကတော့ ပိတ်ထားတယ်။ ဒါပေမယ့် ပြင်ပလူနာကို လာတဲ့ ခွေးကိုက်တာတွေတော့ ကုပေးသေးတယ်။ ကျန်တာတော့ ဆေးရုံက လက်မခံတော့ဘူး။အဲဒါနဲ့ ကျွန်တော်တို့ စစ်ဆေးရုံပို့နေရတာ Accident သမား သုံးဦးရှိသွားပြီ။ စစ်ဆေးရုံကို ပထမဆုံး လူနာပို့တုန်းကတော့ အဆင်မပြေဘူး။ ပထမဆုံးတစ်ခေါက် စစ်ဆေးရုံက လက်သင့်မခံတာနဲ့ ပြည်သူ့ဆေးရုံ ပြန်၊ ဆေးရုံရောက် မှ တစ်ခါ စစ်ဆေးရုံ ပြန်ပို့ရတယ်။ မနေ့က နှစ်ယောက်စစ်ဆေးရုံ ပို့တာတော့ အဆင်ပြေသွားတယ်။ စစ်ဆေးရုံဂိတ်ပေါက် ရောက်တာနဲ့ တန်းဝင်အခံတယ်။ တပ်ကလူတွေက လောလောဆယ်တော့ လိုအပ်တာ လိုက်ပို့ပေးတယ်။ လူနာကို စစ်သားဆေးရုံ တက်သလိုပဲ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေ လက်မှတ်ထိုးပြီး ထုတ်ပေးတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ အဲဒီလိုလုပ်နေတယ်” ဟု မိတ္ထီလာမြို့အခြေစိုက် ပြည်သာယာ လူငယ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသူရလွင်ဦးက ပြောကြားသည်။
မိတ္ထီလာ အထွေထွေရောဂါကုဆေးရုံကြီး ကုသဆောင် အသီးသီးတွင် လတ်တလော ဝန်ထမ်းလုပ်အား အခြေအနေအရ ကုသဆောင်အသီးသီးတွင် လက်ရှိ ဆေးကုသမှု ခံယူနေသော အတွင်းလူနာများမှအပ ဖျားနာ ကုသဆောင်တွင် အဆိပ်သင့်လူနာများနှင့် မြွေကိုက်လူနာများသာ လက်ခံကုသပေးမည် ဖြစ်ကြောင်း၊ ပြင်ပလူနာများ ဆက်လက် လက်ခံကုသနိုင်ခြင်း မရှိကြောင်း၊ ခွဲစိတ် ကုသဆောင်တွင် လတ်တလောအတွင်း အသက်ဆုံးရှုံးနိုင်သော သွေးယိုစိမ့်လူနာများသာ လက်ခံကုသပေးမည် ဖြစ်ကြောင်း၊ သားဖွား၊ မီးယပ် ကုသဆောင်တွင် လတ်တလော အသက်ဆုံးရှုံးနိုင်သော သွေးယိုစိမ့်လူနာများနှင့် Shock ရနေသော လူနာများသာ လက်ခံကုသပေးမည် ဖြစ်ကြောင်းနှင့် ကလေးကုသဆောင်တွင် လက်ရှိ ကုသမှု ခံယူနေသော လူနာများမှအပ ထပ်မံကာ ပြင်ပလူနာ၊ အတွင်းလူနာများ လက်ခံကုသနိုင်ခြင်း မရှိကြောင်းနှင့် ပြင်ပလူနာစာအုပ်ဖြင့် နီးစပ်ရာ ဆေးရုံဆေးခန်းတွင် ကုသမှုခံယူနိုင်ကြောင်း ကြေကြာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာ အထွေထွေရောဂါကုဆေးရုံကြီးတွင် COVID-19 စတင်ဖြစ်ပွားခဲ့ချိန်မှ ဖေဖော်ဝါရီ ၅ ရက်အထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၃၁၂ ဦး၊ ဆေးရုံဆင်းခွင့်ရှိသူ ၂၆၂ ဦး၊ ဆေးရုံတက်စဉ် ရောဂါအခံကြောင့် သေဆုံးလူနာ အမျိုးသမီး တစ်ဦး၊ သေဆုံးပြီးနောက် ရောဂါပိုး တွေ့ရှိခဲ့ရသော အမျိုးသား တစ်ဦး၊ အဖျားဆောင်တွင် ကုသမှုခံယူရင်း သေဆုံးပြီးနောက် ပိုးတွေ့ရှိခဲ့ရသော အမျိုးသားတစ်ဦးနှင့် ဖေဖော်ဝါရီ ၅ ရက်အထိ COVID-19 ဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေသော အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၃၁ ဦး စုစုပေါင်း ၄၇ ဦး တက်ရောက်နေဆဲဖြစ်ပြီး အတည်ပြုလူနာ လက်ခံမှုနှင့် ပတ်သက်ပြီး ဆေးရုံကြီးသို့ မည်သို့ဆောင်ရွက်မည် ဖြစ်ကြောင်း ရှင်းလင်းစွာ မသိရှိရသေးပေ။
ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်က အာဏာရယူခဲ့သဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ ဝန်ထမ်းအချို့ အလုပ်မဆင်းဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မိတ္ထီလာဆေးရုံမှ ကျန်းမာရေးဝန်ထမ်းအချို့ အလုပ်မဆင်းခြင်းဖြင့် တပ်မတော်က အာဏာရယူမှုအား ဆန့်ကျင်ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။















