ဗြိတိန်မှ ဂျာမနီသို့လာရောက် မည့် လေကြောင်းခရီးစဉ်အားလုံးကို ဖေဖော်ဝါရီ ၁၇ ရက်အထိ ခွင့်မပြုရန် ဂျာမနီအစိုးရက တားမြစ်ထားသဖြင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ယှဉ်ပြိုင်ကစားရမည့် လိုက်ပ်ဇစ်-လီဗာပူးလ် ချန်ပီယံလိဂ်ပွဲကို အပြောင်းအလဲပြုလုပ်ရဖွယ်ရှိနေကြောင်း သိရသည်။

ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်နှင့် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဖြစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် လိုက်ပ်ဇစ်အသင်း၏ Red Bull Arena ကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ သို့သော် ကူးစက်မှုနှုန်း အလွန်မြင့်မားသည့် ဗီဇပြောင်း COVID-19 ရောဂါပိုးကြောင့် ဖြစ် ပွားမှုနှုန်းများသည့် နိုင်ငံများမှ လာရောက်မှုကို ဂျာမနီအစိုးရက တားမြစ်ထားခြင်းဖြစ်ပြီး ဗြိတိန်မှလာရောက်မည့် လေကြောင်းခရီးစဉ် အားလုံးကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်အထိ ပိတ်ပင်တားမြစ်ထားသည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကစားရမည့် လိုက်ပ်ဇစ်- လီဗာပူးလ်ပွဲကို အပြောင်းအလဲ ပြုလုပ်ရဖွယ်ရှိနေခြင်းဖြစ်သည်။

ဗြိတိန်မီဒီယာများ၏ ခန့်မှန်းဖော်ပြမှုအရ ယင်းပွဲကို ကြားကွင်း၌ သွားရောက်ကစားခြင်း သို့မဟုတ် ပထမအကျော့နှင့် ဒုတိယအကျော့ ကို ပြောင်းလဲကစားစေခြင်းပြုလုပ်ရဖွယ်ရှိကြောင်း သိရသည်။ အကယ်၍ ပထမအကျော့နှင့် ဒုတိယအကျော့ ကို ပြောင်းလဲကစားရပါက ဖေဖော် ၀ါရီ ၁၆ ရက်တွင် လီဗာပူးလ်အသင်း က အန်ဖီးလ်ကွင်း၌ လက်ခံကစားရမည်ဖြစ်ပြီး မတ် ၁၀ ရက်တွင် ဂျာမနီနိုင်ငံ၌ အဝေးကွင်းပြန်လည် ကစားရမည်ဖြစ်သည်။
ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ၏ သတ်မှတ်ချက်အရ အုပ်စုတွင်း၌ ပထမနေရာ ရပ်တည်နိုင်ခဲ့သည့် အသင်းများမှာ ၁၆ သင်းအဆင့် ပထမအကျော့ကို အဝေးကွင်းစတင် ကစားရမည်ဖြစ်သော်လည်း လက်ရှိ အခြေအနေအရ အပြောင်းအလဲ ဖြစ်ဖွယ်ရှိနေခြင်းဖြစ်သည်။ လိုက်ပ်ဇစ်အသင်းမှာမူ အန်ဖီးလ်သို့သွားရောက်ခွင့်ရထားသလို ဂျာမနီနိုင်ငံသားနှင့် ဂျာမနီပတ်စ်ပို့ကိုင်ဆောင်ထားသူများအား ပြန်လည်ဝင်ရောက်ခွင့်ပြုထားသည့် သတ်မှတ်ချက်ကြောင့် ပထမအကျော့ကို အန်ဖီးလ် ကွင်း၌ သွားရောက်ကစားရပါက ပြဿနာမရှိကြောင်း သိရသည်။

ထို့ပြင် ယူရိုပါလိဂ် ၃၂ သင်း အဆင့် ပွဲစဉ်တစ်ပွဲဖြစ်သည့် ဘင်ဖီကာ-အာဆင်နယ်ပွဲကိုလည်း ကြားကွင်း၌ ယှဉ်ပြိုင်ကစားရဖွယ်ရှိနေ ကြောင်း သိရသည်။ ပထမအကျော့ ပွဲစဉ်ဖြစ်သည့် ယင်းပွဲကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ဘင်ဖီကာအသင်း၏ အိမ်ကွင်းဖြစ်သည့် လစ္စဘွန်းမြို့ရှိ Estadio da Luz ကွင်း၌ ကျင်းပရန် စီစဉ်ထားသည်။ သို့သော် အနီရောင် အဆင့်သတ်မှတ်ထားသည့် နိုင်ငံများမှ ဗြိတိန်သို့ ရောက်ရှိလာသူများ အနေဖြင့် လေဆိပ်မှတစ်ဆင့် Quarantine နေထိုင်မည့်နေရာသို့ တိုက် ရိုက်သွားရောက်၍ ၁၀ ရက်သီးခြား ခွဲနေရမည့် သတ်မှတ်ချက်အသစ်ကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပေါ်တူဂီ နိုင်ငံမှာ အနီရောင်အဆင့်တွင်ပါဝင် နေသလို ယင်းသတ်မှတ်ချက်တွင် အားကစားသမားများကိုလည်း ကင်းလွတ်ခွင့်မပေးထားသဖြင့် အာဆင် နယ်အသင်းမှာ လစ္စဘွန်းမှ ပြန်လည် ရောက်ရှိလာပါက Quarantine ၁၀ ရက် နေထိုင်ရမည့်အခြေအနေ ရင်ဆိုင်နေရခြင်းဖြစ်သည်။
သို့ဖြစ်ရာ အာဆင်နယ်အသင်း တာဝန်ရှိသူများသည် UEFA နှင့် ဗြိတိန်အစိုးရထံမှ အဖြေတစ်ခုရရှိရန်အတွက် ဘင်ဖီကာအသင်းနှင့် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။ ဗြိတိန်အစိုးရက အားကစားသမားများကို ကင်းလွတ်ခွင့်မပြုရန် ဆုံးဖြတ်ပါက ပထမအကျော့ပွဲစဉ် ကို ကြားကွင်း၌ သွားရောက်ကစား ရဖွယ်ရှိနေခြင်းဖြစ်သည်။ ဥရောပ ကလပ်ပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်များကို ဖေဖော်ဝါရီ တတိယပတ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး ချန်ပီယံ လိဂ်ပထမအကျော့ကို ဖေဖော်ဝါရီ ၁၆-၁၇၊ ၂၃-၂၄ ရက်နှင့် ယူရိုပါလိဂ် ပထမအကျော့ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ကစားရမည်ဖြစ်သည်။















