ရွေးကောက်ပွဲဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်များကို သင်ခန်းစာယူ၍ နိုင်ငံရေးပါတီများအကြား ဆွေးနွေးညှိနှိုင်း၍ ပြင်ဆင်မှုများပြုလုပ်ခြင်းကသာ အနာဂတ်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်လာရေးအတွက် မှန်ကန်သည့်နည်းလမ်းဖြစ်ကြောင်း ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ ၁၂ ဖွဲ့က ဇန်နဝါရီ ၂၉ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများ၏ လုပ်ငန်းစဉ်များအပေါ်အခြေခံကာ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ဖြစ်ပွားနေသည့် အငြင်းပွားမှုများကြောင့် ရွေးကောက်ပွဲအလွန် ကာလမတည်မငြိမ်ဖြစ်မှု၊ အာဏာလွှဲပြောင်းမှု ကြန့်ကြာစေနိုင်သည်သာမက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များ နှောင့်နှေးတုံ့ဆိုင်းသွားမည့် အခြေအနေများအတွက် နိုင်ငံအတွင်း စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်နေကြောင်း ပါရှိသည်။
ထို့ပြင် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲအကြိုကာလအတွင်း မဲဆန္ဒရှင်စာရင်းကြေညာပြသခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့မဲပေး ခြင်း၊ ဆန္ဒမဲများရေတွက်ခြင်း စသည့်လုပ်ငန်း စဉ်တို့အပြင် မဲရလဒ်များ စုစည်းသည့် လုပ်ငန်းစဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စောင့်ကြည့်လေ့လာမှုများအရ ရွေးကောက်ပွဲဥပဒေ မူဘောင်နှင့် လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်များအပြင် COVID-19 ကပ်ရောဂါ အကန့်အသတ်များကြောင့်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အားနည်းချက်များရှိခဲ့သည်ကို လေ့လာတွေ့ရှိကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲရလဒ်များသည် မဲဆန္ဒရှင်အများစု၏ သဘောထားနှင့်အညီ ရရှိလာသောရွေးကောက်ပွဲရလဒ်များ ဖြစ်သည်ကို ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ အနေဖြင့် တွေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိရွေးကောက်ပွဲဥပဒေ မူဘောင်နှင့် လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်များကို သင်ခန်းစာယူ၍ နိုင်ငံရေးပါတီများအကြား ဆွေးနွေးညှိနှိုင်း၍ ပြင်ဆင်မှုများပြု လုပ်ခြင်းကသာ အနာဂတ်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်လာရေးအတွက် မှန်ကန်သည့်နည်းလမ်းဖြစ်သည်ဟု ကျွန်ုပ်တို့ ပြည်တွင်းရွေးကောက်ပွဲစောင့် ကြည့်လေ့လာရေးအဖွဲ့များက ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် တပ်မတော်အပါအဝင် သက်ဆိုင်ရာနိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲရလဒ်များကို လက်ခံပြီး ရွေးကောက်ပွဲအလွန် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်း၍ အာဏာလွှဲပြောင်းမှုဖြစ်စဉ် ချောမွေ့ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းနှင့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့်လည်း အနာဂတ်ရွေးကောက်ပွဲလုပ်ငန်းစဉ် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိဖြစ်ပွားနေသည့် ရွေးကောက်ပွဲအငြင်းပွားမှုများနှင့်ပတ်သက်ပြီး ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့များဖြစ်သည့် Bago Observer Group (ပဲခူးလေ့လာ စောင့်ကြည့်ရေးအဖွဲ့)၊ CAN Myanmar (လူ ထုရပိုင်ခွင့် ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့)၊ Hornbill Organization (အောက်ချင်း အရပ်ဘက်လူမှုအဖွဲ့အစည်း)၊Kadu Youth Development Association (ကဒူးလူငယ်ဖွံ့ဖြိုးရေး အသင်း)၊ Myanmar Election Observation Network- MEON (မြန်မာနိုင်ငံ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကွန်ရက်)၊ Myanmar Independent Living Initiative (မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့)၊ Myanmar Network Organization For Free and Fair Elections (မြန်ဖရယ်)၊ New Myanmar Foundation (နယူးမြန်မာဖောင်ဒေးရှင်း)၊ People’s Alliance for Credible Elections (ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့)၊ Peace and Justice Myanmar (ငြိမ်းချမ်းမျှတလူမှုအဖွဲ့အစည်း)၊ Phan Tee Eain (ဖန်တီးအိမ်) နှင့် Rainmaker အဖွဲ့တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။