ဖာပွန်နှင့် ကျောက်ကြီးဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွက် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU မှ ဆုံးဖြတ်ပိုင်ခွင့်ရှိသော အဆင့်မြင့်ခေါင်းဆောင်များ အမြန်ဆုံးတွေ့ဆုံညှိနှိုင်းအဖြေရှာရန် ကရင်ပြည်သူ့ပါတီ KPP က ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်သည်။
ကရင်ပြည်နယ် ဖာပွန်ဒေသနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးဒေသတို့တွင်ဖြစ် ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ COVID-19 ရောဂါကြောင့် ကျန်းမာရေးနှင့် လူမှုစီးပွားရေးအခက်အခဲများ ကြုံတွေ့နေရချိန်တွင် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် ပို၍ခက်ခဲသော အခြေအနေမျိုးသို့ ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ဒီလို ပစ်တယ်ခတ်တယ်ဖြစ်နေရင်၊ ညှိနှိုင်းမှုမရှိရင် ဒီကလည်း တပ်အသွားအလာတို့ရှိတယ်လို့ ကြားတယ်လေ။ ဟိုကလည်း သူတို့ နယ်မြေလာရင် ပစ်မယ်လို့ ပြောနေတော့ နောက်ပိုင်းကျတော့ ပိုပြီးတော့ဆိုးသွားမှာပေါ့နော်။ အခုပဲ ကျောက်ကြီးမှာ လူတစ် ထောင်လောက် စစ်ပြေး၊ စစ်ရှောင်ဖြစ်နေတယ်လို့ ကြားတယ်လေ။ အဲဒီတော့ ဒီအချိန် အခါမှာဆိုရင် COVID-19 ရောဂါကလည်း ဖြစ်နေလို့ ဒုက္ခရောက်နေတဲ့အချိန်မှာ စစ်ပြေး၊ စစ်ရှောင်နဲ့ဆိုတော့ ပိုဆိုးတာပေါ့နော်။ အဲဒါကြောင့်မို့ ထပ်လည်းမဖြစ်စေချင်ဘူး” ဟု KPP ပါတီဥက္ကဋ္ဌ စောထွန်းအောင်မြင့်က ပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်း အားလုံးသည် စာချုပ်ပါ သဘောတူညီချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်ဟု KPP ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ လုပ်နေတယ်။ NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတယ်။ ထိုးထားတဲ့အဖွဲ့တွေ အချင်းအချင်း မပစ်ရဘူးဆိုတဲ့ဟာပါ ပစ်တယ်ခတ်တယ်ဆိုတော့ အကယ်၍နောက်ထပ် ထိုးမယ့်လူတွေအတွက်ရော နည်းနည်းအဟန့်အတားဖြစ်မယ်လေ။ ဒါတစ်ကြောင်း။ နောက်ထပ် ပိုကြီးကျယ်သွားရင် ဒုံရင်းကနေ ပြန်စနေရမှာပေ့ါနော်။ အခုနေအခါမှာ အစိုးရသစ်က လာဖို့ကရှိနေတယ်လေ။ အစိုးရဟောင်းနဲ့ အသစ်ကြားမှာ ညီလာခံနဲ့ ပေါင်းလုပ်ထားတဲ့ အပိုင်းမှာ ပျက်စီးယိုယွင်းသွားနိုင်တာ စိုးရိမ်လို့လေ။ ဒါကြောင့်မို့ တကယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေ အမြန်တွေ့ဆုံညှိနှိုင်းပြီးတော့ ဆွေးနွေးပြီးတော့ အဖြေထုတ်ဖို့ အကြံပြုတင်ပြတာပါ” ဟု ပါတီဥက္ကဋ္ဌ စောထွန်းအောင်မြင့်က ပြောကြားသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်ငြိမ်းချမ်းသာယာရေးတို့သည် တိုင်းပြည်တစ်ပြည်၏ တိုးတက်ဖွံ့ဖြိုးမှုအတွက် အဓိကကျကြောင်း KPP ပါတီထုတ်ပြန်ချက်က ဆိုသည်။
ဖာပွန်မြို့နယ်တွင် ဒီဇင်ဘာလဆန်းမှ ဇန်နဝါရီလအထိ တပ်မတော်နှင့် ကရင်အမျိုး သားအစည်းအရုံး KNU ၏ လက်နက်ကိုင်တပ်ဖြစ်သော KNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ တပ်မတော်က KNU မှ လာရောက်ပစ်ခတ်သောကြောင့်ဟုဆိုပြီး KNU ဘက်ကလည်း တပ်မတော်ဘက်မှ အကြောင်းမကြားဘဲ တပ်လှုပ်ရှားမှုဆောင်ရွက်ခြင်းကြောင့်ဟု အပြန်အလှန်စွပ်စွဲမှုများရှိခဲ့သည်။
ထို့ပြင် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင်လည်း တပ်မတော်နှင့် KNU ကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ရာ ဒေသခံရာချီထွက်ပြေးတိမ်းရှောင်ရမှုများရှိနေကြောင်း သိရသည်။















