ရွေးကောက်ခံထားရသော ကိုယ်စားလှယ်များအနေဖြင့် စွန့်လွှတ်အနစ်နာ မခံပါက အာဏာရှင်စနစ်အောက်မှ ရုန်းထွက်နိုင်မည် မဟုတ်ကြောင်း KySDP အထွေထွေအတွင်းရေးမှူး ပြောကြား

ရွေးကောက်ခံထားရသော ကိုယ်စားလှယ်များအနေဖြင့် စွန့်လွှတ်အနစ်နာ မခံပါက အာဏာရှင်စနစ်အောက်မှ ရုန်းထွက်နိုင်မည် မဟုတ်ကြောင်း KySDP အထွေထွေအတွင်းရေးမှူး ပြောကြား
Published 20 January 2021
မခိုင် (လွိုင်ကော်)

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ၏ ပြည်နယ် ရုံးသစ်ဖွင့်ပွဲကို ဇန်နဝါရီ ၁၉ ရက်တွင် လွိုင်ကော်မြို့ နှာနတ်တော ရပ်ကွက်တွင်ကျင်းပရာ ပါတီအထွေထွေ အတွင်းရေးမှူး ခူးသဲရယ်က ရွေးကောက်ခံထားရသော ကိုယ်စားလှယ်များအနေဖြင့် စွန့်လွှတ် အနစ်နာမခံပါက အမျိုးသားရေး တစ်ရပ်လုံး အာဏာရှင်စနစ်အောက်မှ ရုန်းထွက်နိုင်မည် မဟုတ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

 “ကျွန်တော်တို့ နိုင်ငံရေးလုပ်ပြီ ဆိုကတည်းက အခွင့်အရေးရဖို့အတွက် ကျွန်တော်တို့က ချမ်းသာဖို့အတွက် တစ်ဦးတစ်ယောက် ကောင်းစားဖို့အတွက် စဉ်းစားပြီးမှ  နိုင်ငံရေးလုပ်ရင်တော့ ဒါမဖြစ်သင့်တဲ့ ခံယူချက် ဖြစ်တယ်လို့ ကျွန်တော်ကတော့ မြင်တာပေါ့လေ။ ကျွန်တော်တို့ ဆုံးရှုံးနေတဲ့ အခွင့်အရေးပေါ့နော်။ တိုင်းရင်းသားတွေရဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးကို ပြန်လည်ရရှိလာဖို့ အတွက် ဒီလူတွေကပဲ စွန့်လွှတ် အနစ်နာခံတာ မရှိဘူးဆိုလို့ရှိရင်တော့ ကျွန်တော်တို့ အမျိုးသားရေးတစ်ရပ်လုံးက အာဏာရှင် စနစ် အောက်ကနေ ရုန်းထွက်ဖို့ဆိုတာ မဖြစ် နိုင်ဘူးပေါ့နော်။ ကျွန်တော်တို့က အခွင့်အရေးသမားတွေ မဟုတ်ဘဲနဲ့ တကယ် ကိုယ့်ရဲ့ ဒေသအတွက်၊ ကိုယ့်ရဲ့လူမျိုးအတွက်၊ ကိုယ့် ပြည်နယ်အတွက် အနစ်နာခံစွန့်လွှတ်ပြီး တော့မှ ဒါချီတက်လုပ်ကိုင်လာကြတဲ့ ပုဂ္ဂိုလ် တွေပဲဖြစ်တယ်ဆိုတာ ကျွန်တော့်အနေနဲ့ အသိအမှတ်ပြုတယ်။ နောက်ပြီးတော့မှ အရင်ကတည်းက ဒီပါတီကို စထောင်တုန်း က ပါဝင်ပက်သက်ခဲ့တဲ့ ရှေ့ကလူကြီးတွေ အင်မတန်မှလည်း လေးစားဂုဏ်ယူဖို့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့က အိတ်ကပ်ထဲက ပိုက်ဆံနဲ့ အကုန်ခံပြီးတော့မှ စိုက်ထုတ်ပြီးတော့မှ ပါတီထောင်ကြတဲ့ ပါတီအတွက် ပေးဆပ်ကြတဲ့ ဘယ်သူမှလည်း အခွင့်အရေးရခဲ့ကြတာ မဟုတ်ဘူး ။ နောင်လာမယ့် ကလေးတွေကလည်း ဒီတိုင်းရင်းသားပါတီ ပြည်နယ်ကိုယ်စားပြုပါတီ  ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီထဲမှာ ဝင်ရောက်ပြီးမှ လုပ်ချင်တဲ့ ပုဂ္ဂိုလ်များ လူငယ်များရှိခဲ့ရင်လည်း ရှေးကလူကြီးတွေနည်းတူ စွန့်လွှတ်အနစ်နာခံကြဖို့လည်း ကျွန်တော့်အနေနဲ့ ကြိုပြီးတော့မှ မှာချင်ပါတယ်”ဟု ပါတီအထွေထွေ အတွင်းရေးမှူး ခူးသဲရယ်က အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

ထို့ပြင် တက်ရောက်လာသော ကရင်နီလူငယ် ကိုယ်စားပြုသူ တစ်ဦးကလည်း KySDP အနိုင်ရ ကိုယ်စားလှယ်များသာမက ပါတီအနေဖြင့် လာမည့်ကာလအတွင်း ဒေသတွင်း ပြဿနာများအား မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းမည်ကို သိလိုကြောင်းနှင့် အရေးကြီးကြောင်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ငြိမ်းချမ်းရေးကိစ္စ အရေးကြီးပါတယ်။ ဒီငြိမ်းချမ်းရေးကိစ္စတွေကို ကျွန်တော်တို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီအနေနဲ့ ဘယ်လိုရပ်တည်မလဲ။ ဘယ်လိုပြင်ဆင်မလဲ ဆိုတဲ့ဟာက နေ့ချင်း ညချင်း ပြင်ရမယ့်ကိစ္စလို့ ကျွန်တော်တို့ မြင်တယ်။ နောက်ထပ် အရေးကြီးတဲ့အချက်က အကြီးစားစီမံကိန်းတွေဖြစ်တဲ့ လွိုင်ကော်မြို့နယ် သတ္တုသန့်စင်စက်ရုံကိစ္စတွေကို ပြန်လည်ဖြေရှင်းဖို့ ပြန်လည်ညှိနှိုင်းဖို့။ နောက်တစ်ခုက ပြန်လည်စိစစ်တဲ့ ကော်မတီတစ်ရပ်ကိုလည်း ဒါပါတီအနေနဲ့ အထူးတလည် လုပ်ဆောင်သင့်တဲ့ကိစ္စလို ရပ်တည်ရုံနဲ့မက ဘဲ အကောင်အထည်ဖော်တဲ့ အဆင့်ထိလုပ် ရမယ်လို့ ကျွန်တော်တို့လူငယ်အနေနဲ့ယူဆ တယ်။ နောက်ထပ်တစ်ခုကတော့ ကျွန်တော်တို့ မပြီးဆုံးသေးတဲ့ ကြေးရုပ်တုကိစ္စကို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်တို့ ဒီတိုင်းပဲ ဒီပြဿနာကို လက်လွှဲခဲ့ကြမလား သို့မဟုတ်ရင် ကျွန်တော်တို့ ဖြေရှင်းမလား ဆိုတဲ့ဟာ အနိုင်ရတဲ့ ကိုယ်စားလှယ်တင်တောင် မဟုတ်ဘဲနဲ့ ပါတီအနေနဲ့ ဘယ်လိုရပ်တည်မလဲ ဆိုတာ အရေးကြီးပါတယ်”ဟု ကရင်နီလူငယ်ခေါင်းဆောင် ခွန်းသောမတ်စ် က  ပြောကြားသည်။

ရုံးသစ်ဖွင့်ပွဲတွင် ပါတီစတင် တည်ထောင်စဉ်က ကိုယ်ကျိုးစွန့် ၀ိုင်းဝန်းခဲ့ကြသောသူများ၊ ရွေးကောက်ပွဲကာလအတွင်း ဝန်းရံခဲ့သော ကရင်နီလူငယ် ခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မီဒီယာများ၊ နိုင်ငံရေးပါတီများ၊ ပါတီအမာခံများ တက်ရောက်ကြကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်နီလူငယ်များ ဝန်းရံကူညီခဲ့ပြီး ဒေသခံ တိုင်းရင်းသားလူငယ် အများအပြား ထောက်ခံမှုရခဲ့သော KySDP မှာ အမျိုးသားလွှတ်တော် သုံးနေရာ၊  ပြည်သူ့လွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော် သုံးနေရာ အနိုင်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent