ပရီးမီးယားလိဂ် နာမည်ကျော် ဒိုင်လူကြီးဟောင်းတစ်ဦးဖြစ်သူ ကလက်တန်ဘတ်က လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်အနေဖြင့် ကြောင်သူတော်စကားလုံးများသုံးစွဲကာ Mind Game ဆင်နွှဲနေခြင်းကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
ယာဂန်ကလော့ပ်သည် အမှတ်ပေးချန်ပီယံဆုအတွက် အပြိုင်ဖြစ်လာသည့် မန်ယူအသင်းကို ပယ်နယ်တီဂိုးများ ရရှိနေခြင်းနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ရာ ကလက်တန်ဘတ်က ယင်းအပြုအမူသည် Mind Game ပြုလုပ်နေခြင်းသာဖြစ်ပြီး လီဗာပူးလ်-မန်ယူပွဲကို ကိုင်တွယ်မည့် ကွင်းလယ်ဒိုင် ပေါလ်တီယာနေးကို လွှမ်းမိုးရန် ကြိုးပမ်းခြင်းဖြစ်သည်ဟုလည်း စွပ်စွဲပြောကြားခဲ့သည်။
ကလက်တန်ဘတ်က ယာဂန်ကလော့ပ်၏ ယခုကဲ့သို့ ပြောဆိုမှုသည် ဖာဂူဆန် မန်ယူအသင်းကို နည်းပြအဖြစ် ပြုလုပ်ခဲ့စဉ်က ဒိုင်များကို လွှမ်းမိုးနိုင်ရန်အတွက် Mind Game အဖြစ် အသုံးပြုခဲ့သည့် နည်းလမ်းဟောင်းတစ်ခုသာဖြစ်ကြောင်း၊ ယခုရာသီတွင် လီဗာပူးလ်အသင်းကိုယ်တိုင်လည်း ပယ်နယ်တီဂိုးများ ရရှိနေသည့်အတွက် သူသည် (၂)နှစ်ခွဲဆိုသည့် အချိန်ကာလအပိုင်းအခြားကို အသုံးပြုကာ ပြောဆိုခဲ့ကြောင်း၊ ယင်းအတွက် ချီးကျူးလိုကြောင်းလည်း ပြောကြားခဲ့သည်။

ကလက်တန်ဘတ်က Daily Mail သတင်းစာ တွင်ရေးသားခဲ့သည့် ဆောင်းပါး၌ "ဒီလိုဝေဖန်မှုမျိုးတွေ ကို ကလော့ပ်က မနှစ်က မလုပ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လီဗာပူးလ်အသင်းက ပွဲတိုင်းနိုင်နေလို့ပါ။ သူက ရှုံးရတာကို မကြိုက်ပါဘူး။ ဘယ်တော့မှကြိုက်မယ်လည်း မထင်ပါဘူး။ ဒါကြောင့်လည်း သူ့အသင်းအမှတ်တွေ လျော့လာချိန်မှာ ဒီလိုဖိအားပေးတာပါ။ ဒါပေမဲ့ သူက ဒိုင်တွေက မန်ယူအသင်းကို ဘက်လိုက်နေတယ်လို့ ထင်တယ်ဆိုရင်တော့ သူ မှားပါတယ်။ ဒါက ဖာဂူဆန် သုံးခဲ့တဲ့နည်းလမ်းဖြစ်ပြီး အခုအချိန်မှာ ဒီလိုမျိုးတွေ မရှိတော့ပါဘူး။ ကျွန်တော်က အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူအသင်းရဲ့ ပြိုင်ဘက်အသင်းကို ပယ်နယ်တီ (၃)ကြိမ် ရရှိစေခဲ့တဲ့ တစ်ဦးတည်းသော ဒိုင်လူကြီးဖြစ်ပြီး၊ ပြိုင်ဘက်အသင်းကလည်း လီဗာပူးလ်အသင်းပါပဲ။ အဲဒါ ၂၀၁၄ ခုနှစ်တုန်းကပါ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဒေးဗစ်မွိုက်စ်လက်ထက်ဖြစ်ပြီး ဖာဂူဆန်သာ ဆိုရင်တော့ ကျွန်တော် ဒီလို လုပ်ရဲပါ့မလားဆိုတာ မသေချာပါဘူး။ ကလော့ပ်အနေနဲ့ မန်ယူကစားသမားတွေက ပယ်နယ်တီဧရိယာထဲမှာ ဟန်ဆောင်လှဲချလေ့ရှိတယ်လို့ ထင်နေတယ်ဆိုရင်တော့ သူ့အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေလည်း ဒီလိုမျိုး လုပ်လေ့ရှိတယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒီရာသီမှာ မန်ယူအသင်းရဲ့ပွဲတွေကို ကျွန်တော် ကြည့်ဖြစ်ခဲ့ပြီး၊ သူတို့ရခဲ့တဲ့ ပယ်နယ်တီတွေမှာ များသောအားဖြင့် ဆုံးဖြတ်ချက်မှန်ပါတယ်။ အငြင်းပွားစရာ (၃)ကြိမ်တော့ ရှိခဲ့ပါတယ်"ဟု ရေးသားခဲ့သည်။















