အနိုင်ရ ဒေသခံတိုင်းရင်းသားပါတီများအနေဖြင့် NLD ပါတီ၏ဆွေးနွေးညှိနှိုင်းမှုကို အဆောတလျင် တွေ့ဆုံမှု မပြုလုပ်ရန် တောင်းဆိုကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂ ထုတ်ပြန်

အနိုင်ရ ဒေသခံတိုင်းရင်းသားပါတီများအနေဖြင့် NLD ပါတီ၏ဆွေးနွေးညှိနှိုင်းမှုကို အဆောတလျင် တွေ့ဆုံမှု မပြုလုပ်ရန် တောင်းဆိုကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂ ထုတ်ပြန်
Published 9 January 2021
မခိုင်

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရသည့် NLD ပါတီ၏ တာဝန်ပေးချက်အရ ဗဟိုကော်မတီဝင်များ ဦးဆောင်သည့်ခရီးစဉ်နှင့်ပတ်သက်ပြီး မိမိတို့သမဂ္ဂအနေဖြင့် အယုံအကြည်မရှိသောကြောင့် အနိုင်ရဒေသခံတိုင်းရင်းသားပါတီများအနေဖြင့် တိုင်းရင်းသားများ၏ လိုလားချက်ကို အခြေမခံသော ၎တို့၏ဆွေးနွေးညှိနှိုင်းမှုကို အဆောတလျင် မတွေ့ရန် တောင်းဆိုကြောင်း ကရင်နီပြည်လူငယ်များ သမဂ္ဂက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်သည်။

စတုတ္ထအကြိမ် ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) ညီလာခံ ဒုတိယခြောက်လပတ်အစည်းအဝေးကို ဇန်နဝါရီလ ၈ ရက်တွင် ကျင်းပခဲ့ပြီး ကြေညာချက်ထုတ်ရာတွင် ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။

“ ကျွန်တော်တို့က UKSY တစ်ခုလုံးအနေနဲ့ ပြောရရင်မယုံဘူးဗျ။ ဒီဟာတစ်ခုလုံးကို မယုံတာဆိုတော့လာပြီး ချွေးသိပ်တဲ့ပုံစံမျိုးဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ အခြေခံအခွင့်အရေးတွေ တိုင်းရင်းသားတွေရဲ့ အခြေခံအခွင့်အရေးတွေကိုလာပြီး ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ နောက်ပုံစံကိုက ဒီလိုမျိုးလာပြီးသွားမယ့် အနေအထားရှိတယ်။ ဒါကြောင့် တိုင်းရင်းသား ခေါင်းဆောင်တွေအနေနဲ့ အနိုင်ရတဲ့သူတွေကလည်း ဒီအပေါ်မှာ အဆောတလျင်မတွေ့ဖို့က အရေးကြီးတယ်ဗျ။ တကယ်တမ်းကျ အစိုးရရယ်လို့ ဖြစ်လာတဲ့ဟာတွေ အစိုးရဖွဲ့ နိုင်တဲ့အုပ်စုတွေကတော့ စဉ်းစားနိုင်တာ တစ်ခုပဲရှိပါတယ်။ ကျွန်တော်တို့ သူတို့နဲ့ မတွေ့ရင်လည်း ကျွန်တော်တို့ပြည်နယ်က ကိုယ့်ဘာကိုယ်နေနိုင်ကြတာပါပဲ။ သူတို့ရှိမှလည်း ဖြစ်တာမဟုတ်ဘူး။ သူတို့ကမ်းလှမ်းတိုင်း တွေ့ရမှာမဟုတ်ဘူး။ အဆောတလျင် မတွေ့ဖို့ စဉ်းစားဖို့လိုတယ်ပေါ့။ တိုက်တွန်းတောင်းဆိုချင်တယ်။ အနိုင်ရတိုင်းရင်းသားပါတီကလည်း ဒါကိုပြင်ဆင်ဖို့တော့လိုတယ်ပေါ့လေ” ဟု UKSY အထွေထွေအတွင်းရေးမှူး ခွန်းသောမတ်စ်က ပြောကြားသည်။

ကရင်နီပြည်လူငယ်များသမဂ္ဂ၏ ကြေညာချက်တွင် ပြည်နယ်တွင်း တည်ဆောက်မည့် ဘိလပ်မြေစက်ရုံနှင့် သတ္တုသန့်စင်စက်ရုံကိစ္စများကို ပြည်နယ်အစိုးရသစ်အနေဖြင့် ပြန်လည်သုံးသပ်ရပ်ဆိုင်းပေးရန် တောင်းဆိုကြောင်းလည်း ပါရှိသည်။

ထို့ပြင် UKSY ၏ ဒုတိယခြောက်လပတ်အစည်းအဝေးတွင် ဆုံးဖြတ်ချက်အဖြစ် မူလကရင်နီပြည်နယ်၏ အမည်နာမကို ပြန်လည်ပြောင်းလဲခေါ်ဆိုရန်နှင့် ကရင်နီပြည်နယ်အတွင်းရှိ လူမျိုးစုအသီးသီး အမျိုးသားညီညွတ်ရေးနှင့် လူငယ်ထုညီညွတ်ရေးကိစ္စ ဆက်လက်ဖော်ဆောင်သွားကြမည်ဖြစ်ကြောင်း ၎င်းတို့၏ကြေညာချက်တွင် ဖော်ပြထားသည်။ ကရင်နီလူငယ်များသည် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် NLD ပါတီကို ဝန်းရံကူညီခဲ့ကြပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအား ပြန်လည်ဝန်းရံခဲ့ကြသူများ ဖြစ်သည်။