အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ကာကွယ်ဆေးကို ဖေဖော်ဝါရီလအတွင်းရရှိရန် မျှော်မှန်းထားပြီး ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးမည်ဟုဆို

အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ကာကွယ်ဆေးကို ဖေဖော်ဝါရီလအတွင်းရရှိရန် မျှော်မှန်းထားပြီး ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးမည်ဟုဆို
Published 8 January 2021
နေရိုင်း၊ ဇေယျာထွန်း

အိန္ဒိယနိုင်ငံမှဝယ်ယူထားသည့် COVID-19 ကာကွယ်ဆေး မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီအတွင်းရရှိရန် မျှော်မှန်ထားပြီးရရှိပါက ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်ရှိ သတင်းစာရှင်းလင်းခန်းမဆောင်၌ ဇန်နဝါရီ ၈ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက COVID-19 ရောဂါကာကွယ်ဆေးရရှိရေးနှင့် ပတ်သက်၍ အစိုးရအနေဖြင့် လုပ်ဆောင်မှုများနှင့် ပတ်သက်၍မေးမြန်းမှုအပေါ် ဦးဇော်ဌေးက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အိန္ဒိယနိုင်ငံသို့ COVID-19 ကာကွယ်ဆေးရရှိရန်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက် အထိသွားရောက်ခဲ့ပြီး လူတစ်ဦးလျှင် နှစ်ကြိမ်ထိုးနှံရမည့် ကာကွယ်ဆေး သန်း ၃၀ ဝယ်ယူရေးသဘောတူစာချုပ်အား ဒီဇင်ဘာ ၂၁ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးသန်း ၃၀ စာ၏ တန်ဖိုး ဒေါ်လာသန်း ၁၅၀ ၏ ထက်ဝက်ဖြစ်သော ၇၅ သန်းအား ငွေလွှဲရန် လုပ်နေကြောင်း၊ ငွေလွှဲခြင်းကို ဖေဖော်ဝါရီ ၁၄ ရက် နောက်ဆုံးထား လွှဲရမည်ဖြစ်ကြောင်း၊ ကျန်သည့် တစ်ဝက် ဒေါ်လာ ၇၅ သန်းကို မြန်မာနိုင်ငံသို့ ဆေး ၁၀ သန်းရောက်လာပါက လွှဲရမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ အစောဆုံးရအောင် မှာထားတယ်။ မှာထားပြီးတော့ ကျွန်တော်တို့ ဒုတိယအသုတ် ပိုက်ဆံလွှဲရမယ့်၊ ၁၀ သန်းပေါ့နော်။ ၁၀ သန်း ဘယ်အချိန်ရ မှာလဲဆိုတော့ ကျွန်တော်တို့မှန်းတာ အမြန်ဆုံးလုပ်နေတယ်။ လုပ်နေတဲ့အပိုင်းမှာ ကျွန်တော်တို့ တစ်ဝက်ပေါ့နော်။ ၁၄ ရက် နောက်ဆုံးထားလွှဲပြီးရင် ဟိုဘက်က ဆေးတွေတင် ပို့ဖို့လုပ်ရမယ်။ အဲဒီလုပ်တဲ့ဟာကို မြန်အောင်လို့ ကျွန်တော်တို့ညှိနှိုင်းနေတယ်။ ဖေဖော်ဝါရီလထဲ ရနိုင်မလားပေါ့။ ကျွန်တော်တို့ Target ထားလုပ်နေတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီလရမယ် လို့ပြောတာမဟုတ်ဘူး။ ဒါက ကျွန်တော်တို့တစ်နိုင်ငံတည်း ပြောလို့မရဘူး။ အိန္ဒိယဘက်က အမြန်ဆုံးပို့ပေးဖို့ ညှိနေပါတယ်။ မျှော်မှန်းတာကတော့ ဖေဖော်ဝါရီလထဲမှာ ရမလားပေါ့။ မျှော်မှန်းထားပါတယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

အိန္ဒိယနိုင်ငံမှ COVID-19 ကာကွယ် ဆေးစတင်ရရှိပါက ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေးဝန်ထမ်းဦးရေစုစုပေါင်း တစ်သိန်းတစ်သောင်းကျော်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံမှကာကွယ်ဆေးဝယ်ယူခြင်းသည် နိုင်ငံ၏ လိုအပ်ချက်အရ အစောဆုံးနှင့် အမြန်ဆုံးရရှိရန် လုပ်ဆောင်နေခြင်းဖြစ်သော်လည်း ကာကွယ်ဆေးရရှိရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်နေသလို ဖွံ့ဖြိုးဆဲနိုင်ငံများ ရရှိမည့် WHO ၏ ကာကွယ်ဆေးရရှိရေး လုပ်ငန်းစဉ်များတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ပါဝင်ထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

အိန္ဒိယနိုင်ငံမှ COVID-19 ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် အလှူရှင်များမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်၊ ၇ ရက်အထိ နှစ်ရက်အတွင်းလှူဒါန်းမှုတွင် လူပုဂ္ဂိုလ် ၁၁၇ ဦးမှ လှူဒါန်းထားသည့် အလှူငွေသည် ကျပ် သန်းပေါင်း ၁၄၀၀ နီးပါးရှိပြီး လူပုဂ္ဂိုလ်ငါးဦးမှ အမေရိကန်ဒေါ်လာဖြင့် လှူဒါန်းသည့်ငွေသည် အမေရိကန်ဒေါ်လာနှစ်သန်းခွဲကျော်ရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

 

Most Read

Most Recent