နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာချွန်တော်လျှောက်ထားမှု တရားစီရင်ရေး အားကောင်းလာသည့်ပြယုဂ်ဟု NLD ပါတီပြောကြား

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာချွန်တော်လျှောက်ထားမှု တရားစီရင်ရေး အားကောင်းလာသည့်ပြယုဂ်ဟု NLD ပါတီပြောကြား
နေပြည်တော် ယာယီဌာနချုပ် (ရုံးခွဲ)တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပအပြီး မီဒီယာများအား ရှင်းလင်းစဉ်
နေပြည်တော် ယာယီဌာနချုပ် (ရုံးခွဲ)တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပအပြီး မီဒီယာများအား ရှင်းလင်းစဉ်
Published 6 January 2021
ဉာဏ်လင်းထွန်း

နိုင်ငံတော်အကြီးအကဲဖြစ်သည့် သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာချွန်တော် လျှောက်ထားနိုင်မှုသည် တရားစီရင်ရေးအားကောင်းလာသည့် ပြယုဂ်တစ်ခုဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မန္တလေးမှ ရှေ့နေတစ်ဦးက နိုင်ငံတော်သမ္မတအပါအဝင် လေးဦးကို အာဏာပိုင်မေး စာချွန်တော် ထုတ်ဆင့်ပေးရန် လျှောက်ထားမှုနှင့်ပတ်သက်၍ ပါတီ၏ သဘောထားမေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြန်လည်မှတ်ချက်ပြုခြင်းဖြစ်သည်။

“ဒါက တရားစီရင်ရေး အားကောင်းလာတဲ့ လက္ခဏာကို ပြပါတယ်။ ပြည်သူတွေက တရားစီရင်ရေးကို ပိုမိုအားကိုးလာတယ်။ ဒါကောင်းတဲ့ လက္ခဏာလို့ပဲ ကျွန်တော်တို့ သုံးသပ်ပါတယ်” ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုးမောင်နှင့် မန္တလေးမှရှေနေ့ ဦးဇော်ဝိတ်ဆိုသူတို့က သမ္မတ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းပါ ၁၅ ဦးကို အာဏာပိုင်မေး စာချွန်တော်နှင့် အာဏာပေးစာချွန်တော် ထုတ်ဆင့်ပေးရန် လျှောက်ထားခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ချုပ်က ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်သည်။

ထိုသို့ သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများကို စာချွန်တော်လျှောက်ထားမှုနှင့်ပတ်သက်၍ လက်ခံသင့်၊ မသင့်ကို ဇန်နဝါရီ ၂၉ ရက်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားသူကြီးသုံးဦးနှင့် Video Conferencing စနစ်ဖြင့် ကြားနာမည်ဖြစ်သည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယင်းသို့  တင်ပြလျှောက်ထားခြင်းဖြစ်သည်ဟု ကြားသိထားပြီး ဥပဒေကြောင်းအရ ညီညွတ်ပါက သမ္မတသည်ပင် တရားစီရင်ရေးကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ကာ ပါတီအနေဖြင့် ဥပဒေအထက်တွင် မည်သူမျှမရှိရဟု ခံယူထားကြောင်း NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဆိုသည်။

“သူတို့ အထောက်အထားခိုင်လုံစွာ တင်ပြနိုင်ရင်တော့ တရားလွှတ်တော်ချုပ်က လက်ခံမှာဖြစ်ပြီးတော့ အထောက်အထားမခိုင်လုံရင်တော့ ပယ်ချမှာဖြစ်ပါတယ်။ အဲဒီတော့ ဒါကတော့ တရားစီရင်ရေး အားကောင်းလာတဲ့ ပြယုဂ်တစ်ခုလို့ပဲ ကျွန်တော်တို့မြင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၆ အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အာဏာပိုင် မေးစာချွန်တော်အမိန့်နှင့် အာဏာပေးစာချွန်တော်အမိန့် အပါအဝင် စာချွန်တော်အမိန့် ငါးမျိုးထုတ်ပိုင်ခွင့်ရှိသည်။

“အာဏာပိုင်မေးက မေးတယ်ဆိုတာ ဒီဟာတွေဟာ အမှားအယွင်းတွေဖြစ်နေပြီ။ UEC က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေဟာ မှားယွင်းနေပြီ။ မှားယွင်းကြောင်းကို အတည်ပြုပေးပါပေ့ါ။ အာဏာပိုင်မေးက။ အာဏာရှိတဲ့သူဆီကို မေးလိုက်တာ။ အာဏာပေးစာချွန်တော်ကျတော့ ဟုတ်တယ် မင်းတို့လုပ်တာမှားနေပြီ။ မင်းတို့ဒါကို ပြန်ပြင်ပေးလိုက်။ အဲဒီလိုအာဏာနဲ့ အမိန့်တစ်ခုချခိုင်းတဲ့ဟာ။ အာဏာပေးက။ ဒီနှစ်ခုက ဒီကိစ္စကြီးက မှားနေတာ ဟုတ်တယ်ဆိုတာကို မေးတယ်။ နောက်တစ်ခါ ဒီအမှားကြီးကို ပြင်ပေးဖို့အတွက် အမိန့်ချပေးပါလို့ တောင်းတယ်။ အဲဒီသဘောပါ” ဟု International Bridges to Justice Myanmar ၏ နိုင်ငံအဆင့် အကြီးတန်းဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောကြားသည်။

ဇန်နဝါရီ ၂၉ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုကို လက်ခံသင့်၊ မသင့် ကြားနာပြီးနောက် လက်ခံပါက အမှုကိုဆက်လက်စစ်ဆေးကာ လက်မခံပါက ပယ်ချနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

“တော်တော်များများ ထင်တာက သမ္မတကြီးတောင် တရားစွဲတယ် ထင်ကြတယ်။ သမ္မတကြီးကို တရားခံအဖြစ် တရားစွဲတဲ့ကိစ္စ မဟုတ်ဘူး။ တရားမမှုလိုလည်း လျော်ကြေးတွေ ပေးစေ၊ နစ်နာကြေးတွေပေးစေဆိုပြီး တရားမမှုအနေနဲ့ ဖွင့်တဲ့ဟာလည်းမဟုတ်ဘူး။ စာချွန်တော်က ဒီအမှားအယွင်းကို ကြုံတွေ့ရသူက ဒီအမှားကြီးကို ပြန်တည့်ပေးပါလို့ တောင်းဆိုတာဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်ဖော်ထုတ်တွေ့ရှိထားချက်များနှင့် ၎င်းတို့ပါတီရရှိထားသည့် သက်သေအထောက်အထားများဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အာဏာပိုင်မေး စာချွန်တော် လျှောက်ထားခြင်းဖြစ်သည်ဟု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုးမောင်က ဇန်နဝါရီ ၅ ရက်တွင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယခုကဲ့သို့ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ စာချွန်တော် လျှောက်ထားမှုမှာ လက်ရှိရွေးကောက်ပွဲတွင် ပထမဆုံးဖြစ်ပြီး ယခင်ကျင်းပပြီးစီးသည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် အလားတူဖြစ်စဉ်မျိုး မရှိခဲ့ပေ။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ စာချွန်တော်သုံးမှု တင်သွင်းထားသည့် ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီတို့မှာ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟုဆိုကာ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ကန့်ကွက်မှုများ ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိသည်။

 

Most Read

Most Recent