တပ်မတော်က အာဏာသိမ်းမည်ဟု Facebook တွင် Live လွှင့်ခဲ့သူ အမျိုးသမီးတစ်ဦးအား ဒလမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ဦးဆောင်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) ဖြင့် ဇန်နဝါရီ ၃ ရက်တွင် ဒလမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၏ ပြောကြားမှုအရ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မဲရုံစောင့်ကြည့်သူအဖြစ်ပြုလုပ်ခဲ့သူ အမျိုးသမီးတစ်ဦးသည် Facebook တွင် တပ်မတော်က အာဏာသိမ်းမည်ဖြစ်ပြီး ယင်းသို့ အာဏာသိမ်းရခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြုလုပ်ရခြင်းဖြစ်ကြောင်း Live လွှင့်ပြောဆိုခဲ့သဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က) ဖြင့် ဒလမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဟုတ်ပါတယ်။ သူက ဒလမြို့နယ်က မဲရုံတစ်ခုမှာ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် မဲရုံစောင့်ကြည့်သူအဖြစ် လုပ်ခဲ့တာပေါ့။ နာမည်ကိုတော့ မပြောတော့ပါဘူး။ အဲဒါ အမျိုးသမီးပေါ့။ သူက Facebook ပေါ်မှာ တပ်မတော်က ခြေဥနဲ့အညီ အာဏာသိမ်းပြီဆိုပြီး Live လွှင့်ပြောဆိုတော့ ကျွန်တော်ကတိုင်ပင်ပြီး ဒါက ပုဒ်မ ၆၈ (က) နဲ့ ငြိတယ်ဆိုပြီး ဒလစခန်းမှာ အမှုဖွင့်လိုက်တာပေါ့” ဟု ဒလမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က The Daily Eleven သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။
အဆိုပါ တိုင်ကြားမှုကို ဒလမြို့မရဲစခန်းမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဦးထွန်းရင်က ဆက်လက်ပြောကြားသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) သည် မမှန်ကန်သော သတင်းအချက်အလက်များကို မရိုးဖြောင့်သောသဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း၊ ပါဝင်ဆောင်ရွက်ခြင်းအတွက် အမှုဖွင့်တိုင်ကြားနိုင်သည့် ပုဒ်မတစ်ခုဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ငွေဒဏ် သို့မဟုတ် အမြင့်ဆုံး ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ကြောင်း သိရသည်။















