မန္တလေးတိုင်းဒေသကြီးတွင် လက်ရှိကူးစက်ဖြစ်ပွားနေသော COVID-19 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို ဆေးသုတေသန ဦးစီးဌာနက စစ်ဆေးခဲ့ရာ ဗီဇပြောင်း မျိုးကွဲဗိုင်းရပ်စ်ပိုး မတွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မန္တလေးတိုင်းဒေသကြီးတွင် လက်ရှိကူးစက်ဖြစ်ပွားနေသော COVID-19 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို ဆေးသုတေသန ဦးစီးဌာနက စစ်ဆေးခဲ့ရာ ဗီဇပြောင်း မျိုးကွဲဗိုင်းရပ်စ်ပိုး မတွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
COVID-19 ပိုးတွေ့လူနာများအနက် ရောဂါပြင်းထန်၍ ICU ၌ ကြပ်မတ်ကုသနေရသည့် လူနာများကို တွေ့ရစဉ်
COVID-19 ပိုးတွေ့လူနာများအနက် ရောဂါပြင်းထန်၍ ICU ၌ ကြပ်မတ်ကုသနေရသည့် လူနာများကို တွေ့ရစဉ်
Published 31 December 2020
အိသဥ္ဇာကျော်

မန္တလေးတိုင်းဒေသကြီးတွင် လက်ရှိကူးစက်ဖြစ်ပွားနေသော COVID-19 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို ဆေးသုတေသန ဦးစီးဌာနမှ စစ်ဆေးခဲ့ရာ ဗီဇပြောင်း မျိုးကွဲဗိုင်းရပ်စ်ပိုး မတွေ့ရှိရကြောင်း ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်၌ ပြုလုပ်သည့် COVID-19 ကူးစက်မြန်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်မှု အခြေအနေအရ ကျောင်းများ အဆင်သင့်ဖြစ်နိုင်ရေး ကြိုတင်ပြင်ဆင်ရန် ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အိမ်နီးချင်းနှင့် အခြားနိုင်ငံများ၏ COVID-19 ဖြစ်ပွားမှု၊ ကူးစက်မှု ပြန်လည် ဦးထောင်လာသည် တို့ကိုလည်း စဉ်းစားသုံးသပ် သတိပြုရမည်ဖြစ်ကြောင်း၊ ယခုအခါ ယူကေနိုင်ငံနှင့် ဥရောပနိုင်ငံ အချို့တွင် ကူးစက်မှု ပိုမိုမြန်ဆန်သည့် ဗီဇပြောင်းမျိုးကွဲ (COVID-19 ကို ဖြစ်စေသော SARS-CoV-2 ဗိုင်းရပ်စ်ပိုးအသစ်များ ထွက်ပေါ်နေကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် လက်ရှိကူးစက် ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို ဆေးသုတေသန ဦးစီးဌာနမှ စစ်ဆေးကြည့်ခဲ့ရာ အဆိုပါ ဗီဇပြောင်း မျိုးကွဲဗိုင်းရပ်စ်ပိုးကို မတွေ့ရှိရကြောင်း ပြောကြားသည်။

COVID-19 ကို ဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်ပိုးသည် ဗိုင်းရပ်စ်ပိုးတို့၏ သဘောသဘာဝအရ ဗီဇပြောင်းလဲမှုသစ်ဖြစ်ကာ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုများ တွေ့ရှိနေကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၄ ရက်၌ အဆိုပါနိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကို VUI-202012/01 ဟု ခေါ်ဝေါ်ထားပြီး အခြား SARS-CoV-2 ဗိုင်းရပ်စ်ပိုးများထက် ပိုမိုကူးစက် ပျံ့နှံ့လွယ်သည်ကို တွေ့ရှိရကြောင်း၊ သို့ရာတွင် ယင်းဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်မှု ပိုမိုလာသည်ဆိုသော အထောက်အထား မတွေ့ရှိရသေးကြောင်းနှင့် အဆိုပါ SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုအသစ်အား ပညာရှင်ပေါင်းစုံက ပူးပေါင်းကာ စုံစမ်းစစ်ဆေး စမ်းသပ်မှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SARS-CoV-2 ဗိုင်းရပ်စ်တွင် မျိုးကွဲပေါင်း ၄၀၀၀ ကျော်ရှိပြီး အဓိက ထင်ရှားဆုံးမှာ လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပွားနေသော D614G ဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

“ကိုဗစ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ အမည်က SARS-CoV-2 ဖစ်တယ်။ ဒီဗိုင်းရပ်စ်မှာ မျိုးကွဲပေါင်း ၄၀၀၀ ကျော်ရှိပါတယ်။ အဲဒီအထဲမှာ အဓိက အထင်အရှားဆုံးက D614G ဖြစ်တယ်။ လက်ရှိကမ္ဘာပေါ်မှာလည်း ဖြစ်ပွားပျံ့နှံ့နေတဲ့ COVID ရောဂါသည် ဒီဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကို VUI-202012/01 ဟု ခေါ်ဝေါ်ထားပြီး အခြား SARS-CoV-2 ဗိုင်းရပ်စ် ပိုးများထက် ပိုမိုကူးစက် ပျံ့နှံ့လွယ်သည်ကို တွေ့ရှိရပြီး ယင်းဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်မှုပို မိုလာသည်ဆိုသော အထောက်အထား မတွေ့ရှိရသေးကြောင်းလည်း ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

လက်ရှိရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ပိုးတွေ့နှုန်း ရာခိုင်နှုန်း ၄၀ ဝန်းကျင်နှင့် မန္တလေးတိုင်းဒေသကြီး၌ ပိုးတွေ့နှုန်း ရာခိုင်နှုန်း ၂၀ မှ ၃၀ ဝန်းကျင်ရှိနေကြောင်းနှင့် ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်ကြေညာခဲ့သော ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြု လူနာဦးရေ မြို့နယ်အလိုက် စာရင်းတွင် မန္တလေးတိုင်းဒေသကြီး၌ တစ်ရက်အတွင်း လူနာအသစ် ၁၈၄ ဦးတွေ့ ရှိခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနသည် မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံး (Whole Genome Sequence) ကို လေ့လာသော သုတေသနပြုမှုများကို ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၌ လက်ရှိ ကူးစက်ဖြစ်ပွားနေသော SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကိုလည်း ဆေးသုတေသန ဦးစီးဌာနမှ ဆက်လက်စစ်ဆေး လေ့လာလျက် ရှိကြောင်း သိရသည်။

 

Most Read

Most Recent