COVID-19 လူနာများအား ကုသရေးဌာနများတွင် ကုသပြီးနောက် ရောဂါနှင့် နေအိမ်အခြေအနေပေါ် မူတည်၍ Home Isolation ပြုလုပ်ရန်မှာ လက်ရှိတွင် နိုင်နိုင်နင်းနင်းရှိ၍ လုပ်ရန်မလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက နိုင်ငံပိုင်မီဒီယာတွင် ပြောကြားထားသည်။
“ကျွန်တော်တို့ အရင်တုန်းကပြောတဲ့ Home Isolation ကို ယခုအချိန်၊ ယခုအခြေအနေနဲ့ဆိုရင် လုပ်ဖို့မလိုပါဘူး။ ကျွန်တော်တို့ နိုင်နိုင်နင်းနင်း ရှိပါတယ်။ ဒါကြောင့် Containment ကို ဆက်သွားကြရမှာ ဖြစ်ပါတယ်။ New Normal Living New Normal Life နေထိုင်မှုဓလေ့အသစ်နဲ့ ပုံမှန်ဘဝမှာ နေထိုင်ရင်း တိုးတက်ကြီးပွားရေးအတွက် ဆထက်ထမ်းပိုး အစွမ်းကုန်ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့သူ၊ ရောဂါပိုးရှိနိုင်သူ၊ ရောဂါပိုး သယ်ဆောင်လာနိုင်သူတွေကို ရှာဖွေခြင်း၊ ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်း၊ ကုသခြင်း၊ ဖေးမကူညီ စောင့်ရှောက်ခြင်းတွေကို မလျှော့ဘဲ မပေါ့ဘဲ ဆက်လက်ပြီး အသိ၊ သတိနဲ့ ထာဝရ စက္ကန့်မလပ်၊ နာရီမလပ် ကျွန်တော်တို့ အားစိုက်ဆောင်ရွက်ကြရဦးမှာ ဖြစ်ပါတယ်” ဟု ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 လူနာများအား ဆေးရုံ သို့မဟုတ် ကုသရေးဌာနများတွင် ကုသပြီးနောက် ရောဂါနှင့် နေအိမ်အခြေအနေပေါ် မူတည်၍ နေအိမ်၌ ဆက်လက်သီးခြား ထားရှိကုသရေး ကနဦး ရှေးပြေး စမ်းသပ်မှုပုံစံဖြင့် စတင်ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် COVID-19 ကုသရေးဌာနများတွင် တက်ရောက်နေသော COVID-19 ပိုးတွေ့ လူနာများမှ ရောဂါလက္ခဏာနှင့် ရောဂါအခံတို့ မရှိဘဲ သင့်တော်သည့် အိမ်အခြေအနေရှိသော သူအချို့အား COVID-19 ကုသရေး ဌာနများတွင် ရက်အတိုင်းအတာတစ်ခု ထားရှိပြီးနောက် နေအိမ်၌သာ ဆက်လက်၍ သီးခြားထားရှိခြင်း Home Isolation ပြုလုပ်သွားနိုင်ရန်နှင့် ၎င်းတို့အား Video Call စနစ်ဖြင့် ပုံမှန်ဆက်သွယ်၍ ရောဂါအခြေအနေ စောင့်ကြပ် ကြည့်ရှုသွားရန် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ထိုကဲ့သို့ Home Isolation ထားရှိ ကုသနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အပါအဝင် ကုသရေးပိုင်းဆိုင်ရာ ပါမောက္ခဆရာဝန်ကြီးများ ပူးပေါင်းဆွေးနွေးနေပြီး ကနဦးရှေ့ပြေး စမ်းသပ်မှု Pilot ပုံစံဖြင့် စတင်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
COVID-19 လူနာများအား ဆေးရုံ သို့မဟုတ် ကုသရေးဌာနများ၌ ကုသပြီးနောက် ရောဂါနှင့် နေအိမ် အခြေအနေပေါ် မူတည်ကာ နေအိမ်တွင် ဆက်လက် သီးခြားထားရှိ ကုသရေးစီမံခန့်ခွဲအုပ်ချုပ်မှုတာဝန်ခံ ဆရာဝန်ကြီးများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ တင်ပြထားကြောင်း ဒီဇင်ဘာ ၁၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ကုသရေးဌာနများ၏ စီမံခန့်ခွဲမှု တာဝန်ခံဆရာဝန်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။















