ကျေးငှက်များ ရှားပါးသွားသော်လည်း ရိုးရာမပျက် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ငှက်လိုက်ပွဲကို လွိုင်ကော်မြို့နယ် ဒေါဆော်ဘီးကျေးရွာတွင် ပြုလုပ်

ကျေးငှက်များ ရှားပါးသွားသော်လည်း ရိုးရာမပျက် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ငှက်လိုက်ပွဲကို လွိုင်ကော်မြို့နယ် ဒေါဆော်ဘီးကျေးရွာတွင် ပြုလုပ်
Published 26 December 2020
မခိုင်

ကျေးငှက်များ ရှားပါးသွားသော်လည်း  ရိုးရာမပျက် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ငှက်လိုက်ပွဲကို  လွိုင်ကော်မြို့နယ် ဒေါဆော်ဘီးကျေးရွာတွင် ဒီဇင်ဘာ၂၆ ရက်က ပြုလုပ်ကြောင်း သိရသည်။

ရိုးရာငှက်လိုက်ပွဲကို နှစ်စဉ်ကျင်းပရာမှ ကျေးရွာနေ ပြည်သူများအတွက် လည်းကောင်း၊ နတ်ဆရာအတွက် လည်းကောင်း၊ မိုးလေဝသအတွက် လည်းကောင်း ကြက်ရိုးထိုး ဗေဒင်မေးခြင်းများ ပြုလုပ်ရာတွင် လာမည့်နှစ်တွင် မိုးနည်းမည်ဖြစ်ကြောင်း တွေ့ရသည်ဟု သိရသည်။

“ကျွန်တော်တို့ ညာဘက်ကို ယူတာပေါ့ နော်။ ညာဘက်ကျတော့ သူ့ထက်မြင့်တော့ ကောင်းတယ်ပေါ့ ဒါပေမယ့်လို့ မိုးလေဝသ အခြေအနေကြည့်တာ မိုးနည်းမယ့်အခြေအနေ ရှိနေတယ်လို့ အဓိဋ္ဌာန်တာ”ဟု ကြက်ရိုးထိုး၍ တောတောင်ကို ပူဇော်ရာပြီး နတ်ဆရာက ပြောကြားသည်။

ငှက်လိုက်ပွဲများတွင် ကျေးငှက်များ ရှားပါးလာသဖြင့် ရှေးကကဲ့သို့ ရလာသော ငှက်များအား စုပေါင်းချက်ပြုတ် စားသောက်ခြင်း မလုံလောက်သောကြောင့် အခြားအိမ်မွေး ကြက်ဝက်များဖြင့် အစားထိုးချက်ပြုတ် ဝိုင်းဖွဲ့ စားသောက်ကြရကြောင်း သိရသည် ။

ငှက်လိုက်ပွဲအတွက် နေ့ကောင်းရက်မြတ်ကို ကြက်ရိုးထိုး၍  ကြည့်ရပြီး ပွဲကျင်းပမည့်နေ့တွင် လူငယ်များမှ စုပေါင်းကာ တောထဲသို့ ငှက်လိုက်ထွက်ကြရကြောင်း ၊ ရလာသော ငှက်များအား တောင်ယာသီးနှံများ၊ ရိုးရာ တောတွင်းမှ ဆေးဖက်ဝင် အရွက်များဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း ၊ အိမ်မွေးတိရစ္ဆာန်အား ညီတူညီမျှ ဝေခြမ်းပေးကြရကြောင်း သိရသည်။

 “ငှက်လိုက်ပွဲက အရင်ကဆို ငှက်ကလည်း ပေါတယ်ဆိုတော့ အခုလည်း ငှက်တွေက ရှားပါးလာပြီဆိုတော့ သူ့အစားဆို ဝက်နဲ့ ပဲလုပ်ကြပါတယ် ။ ရွာတိုင်းလိုလိုပဲ ။ တက်သစ်စတွေဆို နတ်ဆရာဆိုလည်း လူလတ်ပိုင်းတွေ ထားပြန်တယ် ။မတတ်သေးတဲ့လူဆို ကျွန်တော်တို့ လက်ဆင့်ကမ်းပြီးတော့ ပညာတတ်အောင်လို့ ဆက်လက် တာဝန်ထမ်းခိုင်းတယ်ဗျ” ဟု ရိုးရာဓလေ့ထိန်းသိမ်းသည့်အဖွဲ့ ဥက္ကဋ္ဌက ပြောကြားသည်။

ကယားပြည်နယ်အတွင်းရှိ အချို့ကျေးရွာများမှာ တောပြုန်းသဖြင့် ကျေးငှက်များ ပျောက်ကွယ် သွားသောကြောင့် ငှက်လိုက်ရန် မလွယ်ကူတော့သည့်အတွက် ရိုးရာငှက်လိုက်ပွဲများ မကျင်းပနိုင်တော့ကြောင်းလည်း သိရသည်။

Most Read

Most Recent