အိန္ဒိယ - မြန်မာနယ်စပ် ကုန်သွယ်ရေး (တမူး) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံး ဖွင့်လှစ်သွားမည်

အိန္ဒိယ - မြန်မာနယ်စပ် ကုန်သွယ်ရေး (တမူး) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံး ဖွင့်လှစ်သွားမည်
တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှု လမ်းကြောင်းကို တွေ့ရစဉ်
တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှု လမ်းကြောင်းကို တွေ့ရစဉ်
Published 22 December 2020
အောင်သူထွန်း (ကလေး)

အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး (တမူး) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံး ဖွင့်လှစ်သွားမည်ဟု သိရသည်။

“နှစ်နိုင်ငံ ဆက်သွယ်ပြီး ဖွင့်ဖို့ပြောတယ်။ စီးပွားကူးသန်းဝန်ကြီးက ဖွင့်မယ်။ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေနဲ့အတူဖွင့်မယ်။ လာမယ့်အပတ်မှာ တိုင်းဒေသကြီးအစိုးရ၊ စီးပွားကူးသန်းဝန်ကြီးနဲ့ အစည်းအဝေးလုပ်မယ်။ ကုန်သည်တွေ အလုပ်မလုပ်ရတာကြာတော့ ကုန်သည်တွေရဲ့ အရင်းအနှီးတွေ ထိပါးလာတာပေါ့။ ကုန်ပစ္စည်းတွေက ပိုးသတ်ဆေးထည့်ရ ပိုးကိုက်ရနဲ့ဆိုတော့ ပျက်စီးတာလည်း များနေပြီ။ ကုန်သည်တွေရဲ့ ငွေကြေးတွေနစ်နာမှု ရှိလာတယ်။ ငွေမလည်ပတ်တာ၊ ပစ္စည်းတွေ မရောင်းရတာ၊ အကြွေးတွေ တောင်းမရတာရော စုံသွားတော့ ဒုက္ခရောက်တာပေါ့။ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း လျော့နည်းလာတယ်။ မှောင်ခိုစနစ် ဖြစ်လာတာရယ်ကြောင့် တရားဝင် ကုန်သွယ်မှု ပြန်လည် ဖော်ဆောင်ဖို့ အတွက် တင်ပြတာပေါ့။ ငါတို့ ကုန်သည်တွေက အခွန်ဆောင်ပြီးသားလေ။ ဒါကိုမှ ခိုးပို့နေရတော့ အဆင်မပြေဘူး။ ဒါကြောင့် ပြန်လည်ကုန်သွယ်ခွင့်ပြုဖို့ တောင်းဆိုတာပေါ့။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ လုပ်ဆောင်ပါ့မယ်လို့ တင်ပြထားပါတယ်။ နှစ်နိုင်ငံကလည်း ပြောစရာ မလိုဘူးလေ။ နယ်စပ်ကုန်သွယ်ရေးကတော့ ဖွင့်မှာသေချာတယ်” ဟု နယ်စပ်ကုန်သွယ် ကုန်သည်များအသင်း (တမူး) ဥက္ကဋ္ဌ ဦးလှမောင်က ပြောကြားသည်။

အိန္ဒိယ - မြန်မာ နယ်စပ် ကုန်သွယ်ရေးကို ပိတ်ထားခဲ့သည်မှာ ကိုးလနီးပါးရှိပြီဖြစ်ပြီး ကုန်သွယ်မှု မပြုလုပ်နိုင်သောကြောင့် ကုန်စည်များ ပျက်စီးဆုံးရှုံးခြင်းနှင့် ငွေကြေးဆုံးရှုံး နစ်နာခြင်းများ ဖြစ်ပေါ်လျက် ရှိသည်ဟု သိရသည်။

“ကျွန်တော်တို့ ကုန်သည်ကြီး အသင်းကနေ စီးပွားကူးသန်းကို အကန့်အသတ်နဲ့ ကုန်သွယ်ခွင့်ကို တင်တယ်။ ကိုဗစ်ကာကွယ်ထိန်းချုပ်က ခွင့်မပြုဘူးလို့ ဖြေတယ်။ ဖြေလို့ နောက်တစ်ကြိမ် ကုန်သည်ကြီးအသင်းကပဲ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသ (ဗဟို) ကို လိပ်မူပြီး တင်လိုက်တာ တင်လိုက်တဲ့အချိန်မှာ အောက်ခြေမှာ အစည်းအဝေးလုပ်ပြီး ဖွင့်သင့်တယ်ဆိုတာ ဆုံးဖြတ်ချက်နဲ့ တိုင်းကို တင်ပေးလိုက်တာပေါ့။ အခုတော့ ကာကွယ်ထိန်းချုပ်ကုသ (ဗဟို) နှစ်နိုင်ငံ ပြန်ဖွင့်ဖို့လုပ်မယ်။ အိန္ဒိယကလည်း ဒုတိယလှိုင်းကို ရင်ဆိုင်နေရတယ်။ ဒီအနေအထားကို သုံးသပ်ပြီး နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ဖို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဖြေကြားလာပါတယ်။ ဖွင့်တာက ဖွင့်ဖို့ရှိပါတယ်။ ဘယ်နေ့ဆိုတာ အတိအကျတော့ မသိသေးဘူး။ ဖွင့်တာကတော့ ကောင်းတာကတော့ ကောင်းပါတယ်။ နန်းဖာလုံဂိတ်ကတော့ မဖွင့်သေးဘူး။ အခုဖွင့်ဖို့ကို လူသွားလူလာကို ခွင့်မပြုဘူးဆိုတာ တစ်ခါတည်းပါတယ်။ အဲဒီစာမှာ။ အကန့်အသတ်နဲ့ ကုန်သွယ်ခွင့်ပေးမယ်။ ၁၀ သိန်းတန် ကုန်ကားတစ်စီး သွားမယ်ဆိုရင် ဒရိုင်ဘာ၊ စပယ်ယာက PPE ဝတ်စုံနဲ့ ဝတ်သွားမယ်။ သတ်မှတ်တဲ့နေရာမှာ သွားချမယ်။ ပြီးရင် ပြန်လာရင် ပိုးသတ်ဆေးဖျန်းမယ်။ လောလောဆယ် နံပါတ် ၂ ဂိတ်က ဖွင့်မှာတော့ မဟုတ်ဘူး။ သာမန်အသေးစား လက်လီသမားတွေလည်း ကုန်သွယ်လို့ရမှာ မဟုတ်ဘူး။ လော့လိုက်သွားတဲ့ ကုန်စည်တွေ သွားမှာပေါ့။ ဒီလမ်းကြောင်း အဆင်ပြေသွားရင်တော့ လက်လီကုန်သွယ်တဲ့သူတွေ ဘယ်လိုနည်းလမ်းနဲ့ဖွင့်ရင် အဆင်ပြေမလဲဆိုတာ စဉ်းစားရမှာပေါ့။ အိတ်စပို့တွေကျတော့ ပိုက်ဆံရှိတဲ့ ကုန်သည်ကြီးတွေပဲ သီးခြားဖွင့်ပေးတယ် ဆိုတာမျိုး မဖြစ်အောင် ဂရုစိုက်ရမှာ။ လက်လုပ်လက်စားတွေလည်း ဒီမြို့မှာ အများကြီး ရှိတယ်လေ” ဟု တမူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောကြားသည်။

တမူးမြို့ နန်းဖာလုံစျေးသည်လည်း တစ်ဖက်နိုင်ငံမှ ဒေသခံများကို အမှီပြုရောင်းချရပြီး စျေးပိတ်ထားသည့်အတွက် နန်းဖာလုံစျေးကို အမှီပြု လုပ်ကိုင်စားသောက် နေရသော တမူးမြို့ ပြည်သူလူထု အနေနှင့် အခက်အခဲများရှိနေပြီး နယ်စပ်မှခိုးဝင်၍ တရားမဝင် ကုန်သွယ်မှုများကြောင့် ကိုဗစ်ရောဂါ ကူးစက်မှု ပိုမိုပြန့်ပွားလာမည်ကို စိုးရိမ်လျက်ရှိသည်။

“နံပါတ် (၁) က အမြန်ဆုံး ဖွင့်စေချင်တယ်။ နန်းဖာလုံစျေးသည်တွေ အတွက်လည်း နောက်တစ်ဆင့် ဘယ်လိုနည်းလမ်းနဲ့ တစ်ဖက်နိုင်ငံကို ရောင်းချလို့ ရနိုင်မလဲပေါ့။ ဘာလို့လဲဆိုတော့ နန်းဖာလုံစျေး ပိတ်တာလည်း ကိုးလကျော်ရှိလာပြီ ဆိုတော့ ထိခိုက်မှုတွေ ရှိလာပြီလေ။ နိုင်ငံတော်က ရောဂါကူးစက်မှု မရှိအောင် နယ်စပ်ကို တရားဝင် ပိတ်ထားပေမဲ့ တရားမဝင် သွားနေတာတွေလည်း ရှိနေတာပဲလေ။ တရားဝင် ကုန်သွယ်မှု ပေးလိုက်မယ် ဆိုရင်တော့ ခိုးသွားခိုးလာတော့ လျော့ကျသွားမယ်။ ရောဂါလည်း အတိုင်းအတာ တစ်ခုအထိ ပြန်လည်ထိန်းချုပ်နိုင်မယ့် အခြေအနေရလာမယ်။ ကျွန်တော့်သဘောထားက ဖွင့်စေချင်တယ်။ နန်းဖာလုံစျေးသည်တွေလည်း နောက်တစ်ဆင့်ဖွင့်နိုင်အောင် နိုင်ငံတော်ကနေ ဆောင်ရွက်ပေးစေ ချင်ပါတယ်” ဟု ဦးနိုင်နိုင်ဝင်းက ဆက်လက်ပြောကြားသည်။

 

Most Read

Most Recent