ပရိသတ်(၁၀၀၀၀)ခန့်အထိ ကွင်းအတွင်းဝင်ခွင့်ရရန် ပရီးမီးယားလိဂ်ကလပ်များ မျှော်လင့်နေသော်လည်း ပွဲကြည့်စင်ပေါ်တွင်ပရိသတ်များပူးကပ်နေခြင်းအတွက် ဝေဖန်မှုများရှိ

ပရိသတ်(၁၀၀၀၀)ခန့်အထိ ကွင်းအတွင်းဝင်ခွင့်ရရန် ပရီးမီးယားလိဂ်ကလပ်များ မျှော်လင့်နေသော်လည်း ပွဲကြည့်စင်ပေါ်တွင်ပရိသတ်များပူးကပ်နေခြင်းအတွက် ဝေဖန်မှုများရှိ
Published 8 December 2020

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် လာမည့်နှစ်သစ်တွင် ၎င်းတို့၏ကွင်းများ၌ ပရိသတ်(၁၀၀၀၀)ခန့်အထိ ဝင်ရောက်ကြည့်ရှုခွင့်ရရှိစေရန် မျှော်လင့်နေကြောင်း သိရသည်။ 

ပြီးခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)တွင် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပထမဆုံးအနေဖြင့် ကွင်းအချို့သို့ ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ရရှိခဲ့သည်။ 

ဗြိတိန်တွင် ဘောလုံးကွင်းအတွင်း ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ကို ဒေသအလိုက် အဆင့်သတ်မှတ်ချက်ဖြင့်ခွဲခြားထားပြီး Tier 1 သတ်မှတ်ခံရသောဒေသရှိ အသင်းများမှာ ပရိသတ် (၄၀၀၀)အထိ ကြည့်ရှုခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

Tier 2 သတ်မှတ်ခံရသော ဒေသရှိ ကလပ်အသင်းများမှာ ပရိသတ်(၂၀၀၀)အထိ ဝင်ရောက်ကြည့်ရှုခွင့်ရရှိမည်ဖြစ်ပြီး Tier 3 ဒေသရှိ အသင်းများမှာ လတ်တလောတွင် ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ခွင့့်မပြုသေးဘဲ ယခင်အတိုင်းသာ ကွင်းပိတ်ပြီး ကစားရမည်ဖြစ်သည်။

ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)တွင် Tier 2 ဒေသများမှ ပရီးမီးယားလိဂ်ကလပ်အသင်း(၅)သင်း(ဝက်စ်ဟမ်း၊ ချယ်လ်ဆီး၊ စပါး၊ လီဗာပူးလ်၊ ဘရိုက်တန်) မှာ အိမ်ကွင်းကစားရ၍ ၎င်းတို့၏ကွင်းများအတွင်းသို့ ပရိသတ် (၂၀၀၀)စီ ဝင်ရောက်ကြည့်ရှုခွင့်ရရှိခဲ့သည်။ 

အင်္ဂလန်တွင် ပရီးမီးယားလိဂ်သာမက လိဂ်ချန်ပီယံရှစ်၊ League One၊ League Two ကလပ်အသင်းများကိုလည်း ဒေသအလိုက် အဆင့်သတ်မှတ်ချက်များဖြင့် ကွင်းအတွင်းသို့ ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ပြုလျက်ရှိသည်။ 

ပြီးခဲ့သည့် စနေနေ့(ဒီဇင်ဘာ ၅ )တွင် အထက်ပါအင်္ဂလန်လိဂ်ပြိုင်ပွဲ (၄)ခု၌ Tier 2 သတ်မှတ်ချက်ဝင် ကလပ်အသင်းစုစုပေါင်း(၂၀)သင်းမှာ အိမ်ကွင်းကစားရ၍ ပရိ သတ်များ ဝင်ရောက်ကြည့်ရှုခွင့်ရရှိခဲ့ကြသည်။  

သို့သော် ကွင်းအတွင်း ပွဲကြည့်စင်ပေါ်တွင် ပရိသတ်များ နေရာယူပုံနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိနေပြီး ဝေဖန်မှုများရှိနေကြောင်း သိရှိရသည်။ 

အချို့သောကွင်းများတွင် ပွဲကြည့်စင်ပေါ်၌ ပရိသတ်များမှာ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေကြပြီး Social Distancing နည်းလမ်းများနှင့် ကိုက်ညီမှုမရှိကြောင်း ဝေဖန်မှုများရှိခဲ့သည်။ 

လိဂ်ချန်ပီယံရှစ်ရှိ ရက်ဒင်းကွင်းတွင် ပရိသတ် (၂၀၀၀)မှာ ပွဲကြည့်စင်တစ်ခုတည်းပေါ်၌် နီးကပ်စွာစုရုံးကြည့်ရှုနေကြ၍ ပွဲချိန်(၁၂)မိနစ်တွင် တာဝန်ရှိသူများက တစ်ဦးနှင့်တစ်ဦး ခြားနားပြီး (အနည်းဆုံး ၁ ခုံခြား) ကြည့်ရှုရန် လိုက်လံတိုက်တွန်းခဲ့ရကြောင်း သိရသည်။ 

အချို့သောကွင်းများတွင်လည်း ပရိသတ်အချို့မှာ Mask များ ဝတ်ဆင်ထားခြင်းမရှိ၍ ဝေဖန်မှုများရှိခဲ့ကြောင်းသိရသည်။ 

လက်ရှိတွင် မန်ယူနှင့်မန်စီးတီးအသင်းများမှာ Tier 3တွင်ပါဝင်နေ၍ ပရိသတ်များ ဝင်ခွင့်မရသေးသော်လည်း ဒီဇင်ဘာ (၁၆)ရက်နေ့တွင် အသစ်ထုတ်ပြန်မည့် ကန့်သတ်ညွှန်ကြားချက်များ၌ Tier 2 သတ်မှတ်ခံခဲ့ရပါက ယင်းနောက်ပိုင်းနေ့ရက်များတွင် ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ရရှိ်မည် ဖြစ်ကြောင်း သိရှိရသည်။ 

လက်ရှိတွင် ပရီးမီးယားလိဂ်မှ ကလပ်အသင်း(၁၀)သင်းမှာ Tier 2သတ်မှတ်ခံရပြီး ပရိသတ် (၂၀၀၀)စီအထိ ကြည့်ရှုခွင့်ရရှိထားသည်။

Most Read

Most Recent