မြန်မာ့လက်ဝှေ့ကျော်များဖြစ်သည့် ထွန်းထွန်းမင်းနှင့် ရွှေရာမာန်တို့ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို ယနေ့ (ဒီဇင်ဘာ ၆ ရက်နေ့) ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ပြီး Skynet ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
(၅)ကြိမ်မြောက်အဖြစ်ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် ရွှေရာမာန်တို့ထိုးသတ်မည့်တွဲဆိုင်းအပါအဝင် စုစုပေါင်းတွဲဆိုင်း (၆)ပွဲပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ယခုပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပရိသတ်မပါဘဲ ကျင်းပသွားရန်စီစဉ်ထားပြီး ရုပ်သံမှသာတိုက်ရိုက်ပြသသွားမည်ဖြစ်သည်။ ထို့ပြင် ယခုပြိုင်ပွဲအား အန္တရာယ်ကင်းစွာကျင်းပနိုင်ရန်အတွက် ပါဝင်မည့်လက်ဝှေ့သမားများ၊ ဒိုင်များ၊ အကူလူများအပါအဝင် ပါဝင်ပတ်သက်မည့်သူအားလုံးကို Quarantine ထားရှိပြီး ရောဂါပိုးစစ်ဆေးခဲ့ရာ အားလုံး Negative အဖြေထွက်ပေါ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
(၅)ကြိမ်မြောက်ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် ရွှေရာမာန်တွဲဆိုင်းအပြင် ဒု- ခေါင်ပွဲအဖြစ် ဗျဂ္ဃနှင့် စောထိန်လင်း၊ အခြားတွဲဆိုင်းများအဖြစ် ကျားသွေးနှင့် သားဒိန်၊ စောရွှေလေးနှင့် အဖိုးသွေး၊ စောအရိုင်းနှင့် ဓနအောင်၊ ကနောင်သွေးနှင့် ပိုင်သက်အောက်တို့ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
ယခုတွဲဆိုင်းများအနက် စောအရိုင်းနှင့် ဓနအောင်တို့၏တွဲဆိုင်းကိုသာ (၄)ချီယှဉ်ပြိုင်စေမည်ဖြစ်ပြီး ကျန်တွဲဆိုင်းများအားလုံးကို (၅)ချီအလဲထိုးစနစ်ဖြင့်ပြုလုပ်မည်ဖြစ်သည်။
ယခုပြိုင်ပွဲမှာ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ပြည်တွင်း၌ပထမဆုံးကျင်းပခွင့်ရသည့် မြန်မာ့လက်ဝှေ့ပြိုင်ပွဲဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနာ၏ ခွင့်ပြုချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။















