FIFA 21 ဗီဒီယိုဂိမ်းတွင် ခွင့်ပြုချက်မယူဘဲ ပုံရိပ်အသုံးပြုမှုအတွက် အီဘရာဟီမိုဗစ် ပြစ်တင်ဝေဖန်

FIFA 21 ဗီဒီယိုဂိမ်းတွင် ခွင့်ပြုချက်မယူဘဲ ပုံရိပ်အသုံးပြုမှုအတွက် အီဘရာဟီမိုဗစ် ပြစ်တင်ဝေဖန်
Photos : Getty Images
Photos : Getty Images
Published 25 November 2020

FIFA 21 ဗီဒီယိုဂိမ်းတွင် သူ၏ခွင့်ပြုချက်မရှိဘဲ အမည်နှင့်ပုံရိပ်အသုံးပြုမှုအတွက်ယင်းဂိမ်းထုတ်လုပ်သည့် EA Sports ကုမ္ပဏီကို အေစီမီလန်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပြစ်တင်ဝေဖန်ခဲ့ကြောင်းသိရသည်။

"ကျွန်တော့်ရဲ့နာမည်နဲ့ မျက်နှာအသုံးပြုဖို့ ခွင့်ပြုချက်ကို FIFA EA Sports ထံ ဘယ်သူပေးခဲ့တာလဲ။ FIFPro က ပေးခဲ့တာလား။ ကျွန်တော်က FIFPro ရဲ့အဖွဲ့ဝင်တစ်ဦး မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော့်ကို အသုံးပြုပြီး ငွေရှာတဲ့လုပ်ရပ်တွေမှာ FIFA နဲ့ FIFPro ကို ဘယ်တော့မှခွင့်မပြုခဲ့တာ အသေအချာပါပဲ။ ဒီဘက်နှစ်တွေမှာ လူတချို့က ဘာသဘောတူညီချက်မှမယူဘဲ ကျွန်တော့်ရဲ့အမည်နဲ့ မျက်နှာကို အသုံးချပြီး အကျိုးအမြတ်ရယူနေကြပါတယ်။ စုံစမ်းစစ်ဆေးရမဲ့ အချိန်ပါပဲ" ဟု အီဘရာဟီမိုဗစ်က ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။ 

စပါးတောင်ပံကစားသမား ဂါရတ်ဘေးလ်ကလည်း အီဘရာဟီမိုဗစ်၏ရေးသားမှုကို ထောက်ခံကြောင်း တုံ့ ပြန်ခဲ့သည်။ အီဘရာဟီမိုဗစ်သည် လက်ရှိတွင် နာပိုလီအသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲ၌ ရရှိခဲ့သည့် ပေါင်ဒဏ်ရာကြောင့် အနည်းဆုံး ၁၀ ရက်ခန့် အနားယူရနိုင်သည်ဟု အေစီမီလန်အသင်းရှိ သတင်းရင်းမြစ်တစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။  

ထပ်မံစစ်ဆေးမှုများအရ အီဘရာဟီမိုဗစ်၏ဘယ်ဘက်ပေါင် ရှိ ကြွက်သားများ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ကို တွေ့ရှိခဲ့ရပြီး ၁၀ ရက်အတွင်း စမ်းသပ်စစ်ဆေးမှုအသစ်များ ထပ်မံလုပ်ဆောင်သွားရဖွယ်ရှိသည်ဟု ယင်းသတင်းရင်းမြစ်က ဖြည့်စွက် ပြောကြားခဲ့သည်။

Most Read

Most Recent