ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များတွင် အမျိုးသမီးကိုယ်စားလှယ် လေးဦး ပါဝင်

ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များတွင် အမျိုးသမီးကိုယ်စားလှယ် လေးဦး ပါဝင်
Published 11 November 2020

ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရ ကိုယ်စားလှယ်များထဲတွင် အမျိုးသမီးကိုယ်စားလှယ် လေးဦးပါဝင်ခဲ့ပြီး အဆိုပါ လွှတ်တော်ကိုယ်စားလှယ် လေးဦးလုံးမှာ ရခိုင်အမျိုးသားပါတီ (ANP) မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြကြောင်း သိရသည်။

အဆိုပါ အနိုင်ရ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များမှာ မာန်အောင်မြို့နယ် မှ ဒေါ်ခင်လှမြိုင် (အမျိုးသားလွှတ်တော်) နှင့် ဒေါ်မတောက် (ခ) ဒေါ်တင်ရီ (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)၊ တောင်ကုတ်မြို့နယ်မှ ဒေါ်လှသက်စိုး (ခ) ခင်ထိပ်ထား (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့် ဒေါ်ခင်မျိုးယဉ် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) တို့ဖြစ်ကြောင်း သိရသည်။

ရခိုင်ပါတီ အနိုင်မရဖူးသေးသော တောင်ကုတ်မြို့နယ်၊ မာန်အောင်မြို့နယ်တို့၌ အကြိတ်အနယ် ယှဉ်ပြိုင်ရင်း အနိုင်ရှိခဲ့ကြသူ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များအဖြစ် သမိုင်းမှတ်တမ်း တင်နိုင်ခဲ့သည့်အတွက် များစွာချီးကျူး ဂုဏ်ယူဂုဏ်ပြုမိကြောင်း၊ ရခိုင်အမျိုးသားရေးစိတ်ဓာတ်ကို ခိုင်ခိုင်မာမာပြသ၍ ယုံကြည်စွာ မဲပေးခဲ့သော ပြည်သူများနှင့် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ဝန်းရံကူညီပေးကြသူများအား အထူးကျေးဇူးတင်ကြောင်း နှင့် ကျား မ ခွဲခြားမှုမထားသော လူသားစွမ်းရည်ကို ပြသရင်း ရခိုင်အမျိုးသားပါတီအကျိုးမှသည် ရခိုင်အမျိုးသားအကျိုး၊ လောကအကျိုးကို အောင်မြင်စွာ ရွက်ဆောင်နိုင်ကြသော အမျိုးကောင်းသမီးများ ဖြစ်ကြပါစေဟု ရခိုင်အမျိုးသားပါတီ (ANP) မှ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် (ပါတီပြောရေးဆိုခွင့် ရှိသူ) ဒေါ်အေးနုစိန်က ချီးကျူးစကား ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) မှ စစ်တွေ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန် အောင်လေးမြို့နယ်တွင် အပြတ်အသတ ်အနိုင်ရရှိကြောင်းနှင့် လွှတ်တော်သုံးရပ်တွင် ပြည်နယ်လွှတ်တော်တွင် ခုနစ်နေရာ၊ အမျိုးသားလွှတ်တော်တွင် လေးနေရာနှင့် ပြည်သူ့လွှတ်တော်တွင် လေးနေရာအထိ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ရှစ်မြို့နယ်တွင် NLD ပါတီမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦး၊ ANP ပါတီမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦး၊ ALD ပါတီမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး၊ AFP ပါတီမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၊  USDP ပါတီမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦး၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦး၊ ချင်းတိုင်းရင်းသားလူမျိုး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးနှင့် တစ်သီးပုဂ္ဂလ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦး စုစုပေါင်း အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၆ ဦး ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြောင်း သိရသည်။

ယင်းသို့ ပါတီအသီးသီးမှ ရွေးကောက်ပွဲ ဝင်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၆ ဦးအထိ ရှိခဲ့သော်လည်း ရခိုင်အမျိုးသားပါတီမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦးစလုံး အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent