ရှမ်းပြည်နယ်တစ်ပြည်နယ်လုံးတွင် နောက်ဆုံးရစာရင်းများအရ မဲဆန္ဒရှင်ဦးရေပေါင်း ၃၆ သိန်းကျော်ရှိပြီး ကြိုတင်မဲပေးမည့်ဦးရေပေါင်း လေးသိန်း နီးပါးရှိဟုသိရ

ရှမ်းပြည်နယ်တစ်ပြည်နယ်လုံးတွင် နောက်ဆုံးရစာရင်းများအရ မဲဆန္ဒရှင်ဦးရေပေါင်း ၃၆ သိန်းကျော်ရှိပြီး ကြိုတင်မဲပေးမည့်ဦးရေပေါင်း လေးသိန်း နီးပါးရှိဟုသိရ
ကြိုတင်မဲ လာရောက်ပေးသူများအား တွေ့ရစဉ်
ကြိုတင်မဲ လာရောက်ပေးသူများအား တွေ့ရစဉ်
Published 7 November 2020
စည်သာ(တောင်ကြီး)

ရှမ်းပြည်နယ်တစ်ပြည်နယ်လုံးတွင် နိုဝင်ဘာ ၆ ရက်အထိ နောက်ဆုံးရ စာရင်းများအရ မဲဆန္ဒရှင်ဦးရေပေါင်း ၃၆ သိန်းကျော်ရှိပြီး၊ ကြိုတင်မဲပေးမည့် ဦးရေပေါင်း ၄ သိန်းနီးပါးရှိကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သတင်းရရှိသည်။

ရှမ်းပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲဆန္ဒနယ် (၄၉) မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ဦးရေစာရင်းမှာ ၃၆၃၄၀၀၀ ကျော်ရှိကာ မဲရုံပေါင်း ၃၅၉၁ရုံ၊ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းပေါင်း ၅၅၀၀၀ ကျော်၊ ရှိကြောင်း (၆-၁၁-၂၀၂၀) နေ့ရက် နောက်ဆုံးရရှိထားသော စာရင်းများအရ သိရသည်။

အဆိုပါ မဲဆန္ဒရှင်ဦးရေ ၃၆ သိန်းကျော်သည် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော နယ်မြေများရှိ မဲဆန္ဒရှင်ဦးရေများကို နှုတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တစ်ပြည်နယ်လုံးတွင် ပထမဆုံးမဲပေးမည့် ဦးရေစာရင်းမှာ လေးသိန်းငါးသောင်းကျော်ရှိပြီး မသန်စွမ်းသူ ဦးရေပေါင်း ၅၀၀၀ နီးပါးခန့်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တစ်ပြည်နယ်လုံးတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုပေါင်း ၁၇၈၇ ခုရှိကာ ပြည်နယ်တွင်းရှိ မဲဆန္ဒနယ်ပေါင်း ၄၉ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသော မြို့နယ်ပေါင်း ခြောက်ခုရှိကြောင်း UEC ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၁၆၉၉၀၀၀ ကျော်၊ မြောက်ပိုင်းတွင် ၁၄၄၀၀၀၀ ကျော်၊ အရှေ့ပိုင်းတွင် ၄၈၀၀၀၀ ကျော်၊ ပြည်နယ်ချုပ်မဲဆန္ဒရှင်ဦးရေ စုစုပေါင်း ၃၆ သိန်းသုံးသောင်းကျော်ရှိကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရှမ်းပြည်နယ်တွင် မိုင်းကိုင်မြို့နယ်အပါအဝင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော နယ်မြေများ သတ်မှတ်ခဲ့ခြင်းကြောင်း မဲဆန္ဒရှင်ဦးရေပေါင်း ၉၆၀၀၀ ကျော် မဲပေးခွင့် ဆုံးရှုံးနစ်နာခဲ့ရကြောင်း စာရင်းများအရ သိရသည်။

“ရှမ်းပြည်နယ် မဲဆန္ဒနယ် ၄၉ နေရာမှာ ကြိုတင်ဆန္ဒမဲပေးခဲ့သူများမှာ နိုဝင်ဘာလ ၂ ရက်အထိ စာရင်းအရ ၇၄၀၀၀ ကျော်ရှိပါတယ်။ ဒီကြားထဲမှာ အများကြီးပေးထားတာ ရှိပါတယ်။ စာရင်းစုစည်းတုန်းပဲ ရှိပါတယ်။ အသက် ၆၀ နှစ်အထက်စာရင်းမှာ ၃၉၆၀၀၀ ကျော်ရှိတယ်။ ကျန်တာကတော့ မဲဆန္ဒရှင်ဦးရေမှာ ၃၂၂၀၀၀ ကျော် ကျန်သေးတယ်။ အကြမ်းဖျင်းတော့ ရာခိုင်နှုန်းတော်တော်များများ ပေးပြီးပြီလို့သိထားတယ်” ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထင်ကျော်က ပြောကြားသည်။

ရှမ်းပြည်နယ်တွင် မိုင်းလား၊ ပန်ဆန်း၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်နှင့် မိုင်းကိုင် စသော ၆ မြို့နယ်လုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပါကြောင်း၊ ကျောက်မဲတွင် (၁၂) အုပ်စု၊ နောင်ချိုတွင် (၁) အုပ်စု၊ နမ့်ဆန်တွင် (၃) အုပ်စု၊ မန်တုံတွင် (၂) အုပ်စု၊ မိုင်းခတ်တွင် (၄) အုပ်စု၊ မိုင်းယန်းတွင် ၂ ရပ်ကွက်နှင့် ၁၃ အုပ်စု၊ မိုင်းဖြတ်တွင် ၁ အုပ်စု၊ မိုင်းယောင်းတွင် ၈ အုပ်စု၊ ကွတ်ခိုင်တွင် ၄ အုပ်စု၊ မူဆယ်တွင် ၁ ရပ်ကွက်နှင့် ၉ အုပ်စု၊ မက်မန်းတွင် ၁၇ အုပ်စု၊ မိုင်းတုံတွင် ၃ အုပ်စု၊ တန့်ယန်းတွင် ၁၁ အုပ်စု၊ လားရှိုးတွင် ၆ အုပ်စု၊ ကွမ်းလုံတွင် ၁ အုပ်စု၊ ကုန်းကြမ်းတွင် ၁ အုပ်စု၊ ဟိုပန်တွင် ၅ ရပ်ကွက်နှင့် ၃၇ အုပ်စု တို့ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အောက်တိုဘာ၂၇ ရက် ထုတ် ပြန်ချက်အရ မူဆယ်မြို့နယ်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ လားရှိုးမြို့နယ်တွင်၊ မယ်ဟန်ကျေးရွာအုပ်စုနှင့် ကွမ်းလုံမြို့နယ်တွင် မန်ပြိန်းကျေးရွာအုပ်စုတို့ကို ရွေးကောက်ပွဲ ကျင်းပခြင်းမပြုကြောင်း ကြေညာထားသည့် နယ်မြေစာရင်းမှ ပယ်ဖျက်၍ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နောက်ဆုံးထုတ်ပြန်ချက်အရသိရသည်။

ရှမ်းပြည်နယ်တစ်ပြည်နယ်လုံးတွင် နိုင်ငံရေးပါတီပေါင်း ၃၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ တစ်သီးပုဂ္ဂလအပါအဝင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေပေါင်း ၁၀၁၇ ဦးရှိကြောင်း သိရသည်။

 

Most Read

Most Recent