ဆိုင်းရပ်စ်ဝါရှင်တန်နှင့်ပွဲတွင် မြန်မာအလံ ကိုင်ဆောင်သွားမည်ဖြစ်ပြီး ငါးချီအတွင်း အလဲထိုးနိုင်ရန် ပြင်ဆင်ထားကြောင်း ဒေ့ဗ် ကြုံးဝါး

ဆိုင်းရပ်စ်ဝါရှင်တန်နှင့်ပွဲတွင် မြန်မာအလံ ကိုင်ဆောင်သွားမည်ဖြစ်ပြီး ငါးချီအတွင်း အလဲထိုးနိုင်ရန် ပြင်ဆင်ထားကြောင်း ဒေ့ဗ် ကြုံးဝါး
Photos : Dave Leduc Facebook
Photos : Dave Leduc Facebook
Published 3 November 2020

ကနေဒါနိုင်ငံသား မြန်မာ့ရိုးရာလက်ဝှေ့သမား ဒေ့ဗ်က ဆိုင်းရပ်စ်ဝါရှင်တန်နှင့်ယှဉ်ပြိုင်ရမည့် စိန်ခေါ်ပွဲတွင် မြန်မာအလံကိုင်ဆောင်သွားမည်ဖြစ်ပြီး ပြိုင်ဘက်ကို ငါးချီအတွင်း အလဲထိုးနိုင်ရန် ပြင်ဆင်ထားကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။

အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို နိုဝင်ဘာ ၇ ရက်တွင် အမေရိကန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ကနေဒါနိုင်ငံသား ဒေ့ဗ်၏ ပထမဆုံး ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲလည်းဖြစ်သည်။

''ဆိုင်းရပ်စ်ဟာ ပွဲပေါင်း ၁၀၀ ကျော် အတွေ့အကြုံရှိတဲ့ ဖိုက်တာတစ်ယောက်ပါ။ မြန်မာ့လက်ဝှေ့မှာဆိုရင်လည်း စောငမန်း၊ ထွန်းထွန်းမင်း၊ တူးတူးတို့နဲ့ ယှဉ်ပြိုင်ဖူးတဲ့သူဖြစ်တာကြောင့် သူဟာ ကစားသမားကောင်းတစ်ယောက်ဆို တာ ငြင်းစရာမရှိပါဘူး။ သူဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအရဆိုရင် ကျွန်တော်နဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေးအပြည့်ရှိတဲ့သူဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော့်အတွက်ကတော့ စိတ်လှုပ်ရှားစရာကောင်းတယ်လို့ပဲ ဆိုရမှာပါ။ ဒီစိန်ခေါ်ပွဲမှာ ဆိုင်းရပ်စ်ကို အမြန်ဆုံးပွဲသိမ်းနိုင်အောင် အလဲထိုးဖို့ ကျွန်တော်ပြင်ဆင်ထားပါတယ်။ လက်ရှိအခြေအနေတွေအရ ပွဲအတွင်းမှာ ဘာတွေဖြစ်သွားမယ်ဆိုတာ ပြောဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ အလဲထိုးစနစ်နဲ ့ယှဉ်ပြိုင်ခဲ့ဖူးသူတွေပါ။ ကျွန်တော်ကတော့ မြန်မာ့လက်ဝှေ့ကို သူ့ထက်ပိုပြီး ကျွမ်းကျင်ပါတယ်။ ဆိုင်းရပ်စ်ကို အလဲထိုးဖို့အတွက်ဆိုရင်တော့ ကျွန်တော့်အတွက် အခက်အခဲမရှိနိုင်ပါဘူး'' ဟု ဒေ့ဗ်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေ ကြားသည်။

Lethwei World Title ဟု အမည်ပေးထားသည့် အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် အနိုင်ရရှိမည့်ကစားသမားအနေဖြင့် မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုစိန်ခေါ်ပွဲကို မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်းအတိုင်း ယှဉ်ပြိုင်သွားရန် သဘောတူထားပြီး အလဲထိုးစနစ်ဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

သုံးမိနစ် ငါးချီစနစ်ဖြင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး ငါးချီအတွင်း အရှုံးအနိုင်မပေါ်ပါက နှစ်ချီဆက်လက်ထိုးသတ်သွားမည်ဖြစ်ကြောင်း ဒေ့ဗ်က အတည်ပြုပြောကြားထားသည်။

ထို့ပြင် မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်းများတွင် အပါအဝင်ဖြစ်သော ခေါင်းတိုက်နည်းကို အသုံးပြုခွင့်ပေးထားပြီး ဗလာလက်သီးဖြင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

သို့သော် ကြိုးဝိုင်းအစား Cage ကို အသုံးပြုသွားမည်ဖြစ်ပြီး အနားတောင်းစနစ် ထည့်သွင်းထားကြောင်း သိရသည်။

ယင်းပွဲစဉ်ကို ပြည်တွင်းရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသဖွယ်မရှိဘဲ အွန်လိုင်းတွင် အခပေးစနစ်ဖြင့် ကြည့်ရှုရမည်ဖြစ်သည်။

 

Most Read

Most Recent