လက်စတာအသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်သည့်ပွဲတွင် လာကာဇက်၏သွင်းဂိုးခွင့်မပြုခြင်းအပေါ် နားမလည်နိုင်ကြောင်း အာတီတာ ပြစ်တင်ဝေဖန်

လက်စတာအသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်သည့်ပွဲတွင် လာကာဇက်၏သွင်းဂိုးခွင့်မပြုခြင်းအပေါ် နားမလည်နိုင်ကြောင်း အာတီတာ ပြစ်တင်ဝေဖန်
Published 27 October 2020

အာဆင်နယ်အသင်းနည်းပြ အာတီတာက လက်စတာအသင်းအား အိမ်ကွင်း၌ရှုံးနိမ့်သည့်ပွဲတွင် လာကာဇက်၏သွင်းဂိုး ခွင့်မပြုခြင်းအပေါ် နားမလည်နိုင်ကြောင်း ဝေဖန်ပြောကြားသည်။

အာဆင်နယ်အသင်းသည် တနင်္ဂနွေနေ့ညပိုင်းက ယှဉ်ပြိုင်ကစားသည့်ပွဲ၌ ပွဲအစမှာပင် ထောင့်ကန်ဘောမှတစ်ဆင့် လာကာဇက်က ခေါင်းတိုက်၍ ဦးဆောင်ဂိုးသွင်းယူသော်လည်း လူကျွံနေသဖြင့် ငြင်းပယ်ခံခဲ့ရသည်။ 

လာကာဇက် ဂိုးသွင်းယူစဉ် ချာကာနှင့် အူဘာမီယန်း နှစ်ဦးစလုံးလူကျွံနေသလို ချာကာမှာ ဂိုးသမား ရှမိုက်ကယ်၏မြင်ကွင်းကို အနှောင့်အယှက်ပြုသည်ဟုဆိုကာ လူကျွံသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 

လက်စတာအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို လူစားဝင်တိုက်စစ်မှူး ဗာဒီက မိနစ် ၈၀ တွင် အွန်ဒါ၏ပေးပို့မှုမှတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းသည် လက်စတာအသင်းအား ၁၉၇၃ ခုနှစ်နောက်ပိုင်း အိမ်ကွင်း၌ ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်းဖြစ်သလို ယခုနှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်အိမ်ကွင်းရှုံးပွဲ ကြုံတွေ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ အာတီတာက ''ကျွန်တော် တကယ်စိတ်ပျက်မိပါတယ်။ ပထမပိုင်းမှာ ပွဲက ကျွန်တော်တို့လက်ထဲ ရှိနေခဲ့တာပါ။ ဒီဂိုးကို ဘာကြောင့်ခွင့်မပြုရတာလဲဆိုတာ ကျွန်တော်မသိပါဘူး။ သူတို့က ကျွန်တော်တို့ ခံစစ်မှာ နေရာလွတ်တွေရယူနိုင်ခဲ့ပြီး အဲဒီအချိန်မှာပဲ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တာပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ အားလုံးထိန်းချုပ်ထားပြီး သူတို့ကို ဘာမှလုပ်လို့မရအောင်  တားဆီးနိုင်ခဲ့တယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ဘောလုံးတိုင်း အသာရခဲ့ပြီး အခွင့်အရေးတချို့ ဖန်တီးနိုင်ခဲ့ပြီးတော့ ဂိုးတစ်ဂိုးလည်း သွင်းခဲ့ပါတယ်။ ဒီဂိုးကို ဘာကြောင့် ခွင့်မပြုလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒုတိယပိုင်းမှာ သူတို့က ခံစစ်ကိုပိုကစားခဲ့ပြီး အမှားစောင့်နေခဲ့တာပါ။ သူတို့ရသွားတဲ့ဂိုးကလည်း အဲဒီအခိုက်အတန့်တစ်ခုကနေပဲ ရသွားတာပါ။ သူတို့က မန်ချက်စတာစီးတီးနဲ့ကစားခဲ့တဲ့ ပုံစံမျိုးပဲ ကစားသွားတာပါ။ တည်ကန်ဘောနှစ်ကြိမ်ကနေ သူတို့ဂိုးရသွားတာဖြစ်ပြီး သူတို့လုပ်ခဲ့တာတွေအတွက် ချီးကျူးပါတယ်။ ကျွန်တော့်ကစားသမားတွေအတွက်တော့ စိတ်မကောင်းပါဘူး''ဟု ပြောကြားသည်။

လက်စတာအသင်းမှာမူ အဝေးကွင်း သုံးပွဲစလုံး အနိုင်ရထားသလို ရာသီအဖွင့် ခြောက်ပွဲအပြီးတွင် လေးပွဲအနိုင်ရခြင်းမှာ ၂၀၀၀-၂၀၀၁ ရာသီက ရရှိခဲ့သည့် အမြင့်ဆုံး စွမ်းဆောင်ရည်ကို လိုက်မီသွားခြင်းဖြစ်သည်။

Most Read

Most Recent