စာသင်ကျောင်းများတွင် ကလေးများအား အခမဲ့ကျွေးမွေးသည့်အစီအစဉ် ဆက်လက်ဆောင်ရွက်ရန်ကြိုးပမ်းနေသည့် ရပ်ရှ်ဖို့ဒ်ကို ယာဂန်ကလော့ပ်၊ လမ်းပတ်နှင့် ရိုးမားအသင်း ထောက်ခံချီးကျူး

စာသင်ကျောင်းများတွင် ကလေးများအား အခမဲ့ကျွေးမွေးသည့်အစီအစဉ် ဆက်လက်ဆောင်ရွက်ရန်ကြိုးပမ်းနေသည့် ရပ်ရှ်ဖို့ဒ်ကို ယာဂန်ကလော့ပ်၊ လမ်းပတ်နှင့် ရိုးမားအသင်း ထောက်ခံချီးကျူး
Photos : Getty Images
Photos : Getty Images
Published 25 October 2020

ဗြိတိန်ရှိ စာသင်ကျောင်းများတွင် ဆင်းရဲနွမ်းပါးသော ကလေးများအား အခမဲ့ကျွေးမွေးသည့်အစီအစဉ် ဆက်လက်ဆောင်ရွက်ရန် ကြိုးပမ်းနေသည့် မန်ယူအသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ပြိုင်ဘက် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်၊ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်နှင့် စီးရီးအေကလပ် ရိုးမား အသင်းတို့က ထောက်ခံအားပေး၍ ချီးကျူးခဲ့ကြောင်း သိရသည်။

ရပ်ရှ်ဖို့ဒ်သည် စာသင်ကျောင်းများ၌ အခမဲ့ကျွေးမွေးသည့်အစီအစဉ်ကို နွေရာသီကျောင်းပိတ်ရက်ကာလတွင် ဆက်လက်ဆောင်ရွက်ရန် ပြီးခဲ့သည့်ဇူလိုင်လအတွင်း အောင်မြင်စွာ ကြိုးပမ်းနိုင်ခဲ့ပြီး ယင်းအစီ အစဉ်ကို ၂၀၂၁ အီစတာပွဲတော်အားလပ်ရက်အထိ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရန် ကြိုးပမ်းမှုမှာမူ လက်လျှော့ခဲ့ရသည်။ ယင်း အဆိုကို လေဘာပါတီက ပြီးခဲ့သည့်ဗုဒ္ဓဟူး နေ့တွင် ဗြိတိန်လွှတ်တော်၌ တင်သွင်းရာ မဲခွဲဆုံးဖြတ်စဉ် ၃၂၂-၂၆၁ မဲဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ 

သို့သော် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က "သူက ယူနိုက်တက်အတွက် ကစားနေတာပါ။ ဒါပေမဲ့ ဒီအခိုက်အတန့်မှာ ကျွန်တော်တို့က ဘောလုံးသမားအဖြစ်ရော လူသားတစ်ယောက်အနေနဲ့ပါ အမြဲတမ်းစည်းလုံးညီညွတ်ရမှာပါ။ မားကပ်စ် စတင်ခဲ့တာတွေက တကယ်မယုံနိုင်လောက်အောင်ပါပဲ။ အရမ်းကောင်းပါတယ်။ သူ့အမေကလည်း သူ့အတွက် တကယ်ဂုဏ်ယူနေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။  ဘောလုံးမှာ အံ့အားသင့်စရာတွေ တကယ်ရှိပါတယ်။ ဒါက တကယ်အရေးပါတဲ့ အကြောင်းကို ဖော်ပြနေတာပါ။ အဲဒါကြောင့်လည်း ပြိုင်ဆိုင်မှုတွေဘေးဖယ်ထားပြီး ဘဝအတွက် ပိုအရေးပါတဲ့အကြောင်းတွေကို စဉ်းစားကြည့်ဖို့ လိုပါတယ်" ဟု ချီးကျူးပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်ကလည်း "သူက အရည်အသွေးရှိတဲ့ ကစားသမားတစ်ယောက်ပါ။ ကိုယ်စိတ်အားထက်သန်တဲ့ ဂရုစိုက်မှုတွေအကြောင်း စိတ်ရောကိုယ်ပါပြောနေကြတဲ့အသံကို လူငယ်ကစားသမားတွေဆီကမြင်ရတာ အရမ်းကောင်းပါတယ်။ ကျွန်တော် သူ့ကိုတကယ်ထောက်ခံပါတယ်။ အခုဆိုရင် ပရီးမီးယားလိဂ်မှာ သူတို့ အသက်အရွယ်အပိုင်းအခြားနဲ့  ထုတ်ဖော်ပြောဆိုမှုလုပ်နေတဲ့ အုပ်စုတွေရှိနေပါပြီ။ ဘယ်အသင်းမှာပဲကစားကစား သူ့အကြောင်းကို လူတွေပြောနေကြတဲ့အချိန်မှာ သူက အဲဒီ ချီးကျူးမှုနဲ့ တကယ်ထိုက်တန်လို့ပါ" ဟု အားပေးစကားပြောကြားခဲ့သည်။

ထို့ပြင် ရိုးမားအသင်းကလည်း "ဆက် လုပ်ပါ မားကပ်စ်ရပ်ရှ်ဖို့ဒ်" ဆိုသည့် အားပေး စကားကို အသင်း၏ Twitter တွင် ရေးသားထားကြောင်း သိရသည်။

Most Read

Most Recent