အိမ်ကွင်းဂိုးပြတ်နိုင်ပွဲနဲ့ တာထွက်ကောင်းခဲ့တဲ့ လက်ရှိချန်ပီယံ

အိမ်ကွင်းဂိုးပြတ်နိုင်ပွဲနဲ့ တာထွက်ကောင်းခဲ့တဲ့ လက်ရှိချန်ပီယံ
Published 22 October 2020

ဘိုင်ယန်မြူးနစ် ၄-၀ အက်သလက်တီကို

လူးဝစ်ဆွာရက်ဇ်အတွက်တော့ ဘိုင်ယန်မြူးနစ်ကို ဘာစီလိုနာနဲ့အတူ ဂိုးပြတ်ရှုံးခဲ့ပြီးနောက် ဒီတစ်ကြိမ် အက်သလက်တီကိုနဲ့ ဂိုးပြတ်ရှုံးတဲ့ အလှည့်ဖြစ်သွားတယ်။

အက်သလက်တီကိုမက်ဒရစ်အတွက်တော့ ဘိုင်ယန်မြူးနစ်က ပါ၀ါကြီးမားလွန်းပြီး ယှဉ်နိုင်ဖို့ခက်ပါတယ်။

ပုံမှန်အားဖြင့် အက်သလက်တီကိုက မာကျောတဲ့အသင်းတစ်သင်းဆိုပေမဲ့ ဘိုင်ယန်မြူးနစ်က သူတို့ထက် ပိုမာကျောပြီး နည်းစနစ်ပိုင်းပိုကောင်းတယ်။

နည်းဗျူဟာပိုင်းအရလည်း အက်သလက်တီကိုအသင်းရဲ့ အားနည်းတဲ့ ခံစစ်ညာခြမ်းဇုန်ကို အကြိမ်ကြိမ်ထိုးနှက်ခဲ့ပြီး ကိုးမန်းက ခြေစွမ်းပြကစားသွားတယ်။

ဆာနေး၊ နာဘရီတို့လို ကစားသမားတွေ မပါဝင်ခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်က ထက်မြက်နေဆဲဖြစ်ပြီး ကွင်းလယ်က ကစ်မစ်ချ်-ဂိုဟက်ဇ်ကာတို့အတွဲက ကိုကေ ဦးဆောင်တဲ့ အက်သလက်တီကိုကွင်းလယ်ကို အလွယ်တကူ လွှမ်းမိုးခဲ့တယ်။

ဒါ့အပြင် ဇူလာ-အလာဘာတို့ရဲ့ခံစစ်ကို ဆွာရက်ဇ် နဲ့ ယာအိုဖီးလစ်တို့ တစ်ဦးချင်းရော၊ အတွဲလိုက်ပါ မကျော်နိုင်ခဲ့ဘူး။

၀ိတ်တက်နေတဲ့ ဆွာရက်ဇ်ရဲ့ တစ်ဦးချင်းလှုပ်ရှားမှုတွေက အားရစရာမရှိဘဲ တိုက်စစ်မှာ ဘာမှ  ထိထိရောက်ရောက် လုပ်နိုင်ခဲ့တာလည်း မတွေ့ရဘူး။

အက်သလက်တီကိုရဲ့ တိုက်စစ်ပိုင်းမှာ ဘိုင်ယန်မြူးနစ်ခံစစ်ကို အနည်းငယ်လှုပ်အောင်လုပ်နိုင်တာဆိုလို့ ကာရက်စ်ကို တစ်ဦးသာရှိပြီး သူကလွဲရင် လေးလံပြီး ထက်မြက်မှုပျောက်ဆုံးနေတဲ့ အက်သလက်တီကို တိုက်စစ်ဟာ အသက်မရှိသလိုဖြစ်ခဲ့တယ်။

ပထမပိုင်းမှာပဲ ဘိုင်ယန်မြူးနစ်က (၂)ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ပွဲကို ဆက်လက်စိုးမိုးပြီး ဂိုးတွေသွင်းခဲ့ပါတယ်။

ဘိုင်ယန်အတွက်ဂိုးတွေကို ကိုးမန်းက နှစ်ဂိုး၊ ဂိုဟက်ဇ်ကာနဲ့ တိုလစ်ဆိုတို့က တစ်ပိုင်းကို (၁)ဂိုးစီသွင်း ခဲ့ကြပါတယ်။

 

Most Read

Most Recent