လာမည့်နွေရာသီတွင် ဘာပေအား ပေါင်(၉၁)သန်းဖြင့် PSG အသင်း လက်လွှတ်ရဖွယ်ရှိနေကြောင်း L'Equipe ဖော်ပြ

လာမည့်နွေရာသီတွင် ဘာပေအား ပေါင်(၉၁)သန်းဖြင့် PSG အသင်း လက်လွှတ်ရဖွယ်ရှိနေကြောင်း L'Equipe ဖော်ပြ
Published 22 October 2020

PSG အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းတိုက်စစ်ကစားသမား ဘာပေကို ပေါင် (၉၁)သန်းဖြင့် လက်လွှတ်ရဖွယ်ရှိနေကြောင်း ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။

အသက် (၂၁)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား ဘာပေသည် PSG အသင်းနှင့် လက်ရှိချုပ်ဆိုထားသည့် စာချုပ်မှာ ၂၀၂၂ ခုနှစ်၊ ဇွန် (၃၀)ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

PSG အသင်းသည် ဘာပေအား စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းနေသော်လည်း ကစားသမားဘက်က ငြင်းပယ်ထားကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြနေကြသည်။

PSG အသင်းအနေဖြင့် ဘာပေအား စာချုပ်သက်တမ်းမတိုးနိုင်ပါက ၂၀၂၂ ခုနှစ် နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရမည်ဖြစ်သည်။

PSG အသင်းသည် ဘာပေကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်မည်မဟုတ်ဘဲ လာမည့် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ရောင်းချဖွယ်ရှိနေသည်။

သို့သော် PSG အသင်းအနေဖြင့် ဘာပေကို စာချုပ်သက်တမ်းမတိုးနိုင်ပါက ၎င်း၏ပြောင်းရွှေ့ကြေးမှာ ပေါင် (၉၁)သန်းသို့ လျှော့ကျသွားမည်ဖြစ်ကြောင်း ပြင်သစ်အားကစားသတင်းစာ L'Equipe က ဖော်ပြခဲ့သည်။

PSG အသင်းသည် ဘာပေအား ၂၀၁၇ ခုနှစ်တွင် တစ်ရာသီအငှားဖြင့် ကနဦးခေါ်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပေါင်သန်း (၁၆၀)ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဘာပေသည် PSG အသင်းတွင် ခြေစွမ်းပြကစားနေသော်လည်း ဥရောပထိပ်သီးကလပ်အသင်းများဖြစ်သည့် ရီးယဲလ်၊ လီဗာပူးလ်တို့ကို ပြောင်းရွှေ့ကစားလိုနေကြောင်း သိရသည်။

စပိန်အားကစားသတင်းစာ AS ကမူ ဘာပေသည် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ခေါ်ယူခဲ့ခြင်းမရှိဘဲ လာမည့် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့တွင်မှ ထိပ်တန်းကစားသမားများကို ခေါ်ယူဖွယ်ရှိနေသည်ဟု Marca သတင်းစာ ဖော်ပြခဲ့သည်။

စပိန်မီဒီယာများ၏ ဖော်ပြမှုအရ ရီးယဲလ်အသင်းသည် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG တိုက်စစ်မှူး ဘာပေကို ဦးစားပေးခေါ်ယူသွားမည်ဖြစ်ပြီး အဆင်မပြေပါက ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို အစားထိုးခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

 

Most Read

Most Recent