ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာအား နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး ခုနစ်လအတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာအရေအတွက် ၅၄၂၀၀ ကျော်ကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထား

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာအား နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး ခုနစ်လအတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာအရေအတွက် ၅၄၂၀၀ ကျော်ကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထား
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အရောင်းအဝယ်၊ စျေးနှုန်းအပြောင်းအလဲများအား စောင့်ကြည့်နေသူအချို့ကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အရောင်းအဝယ်၊ စျေးနှုန်းအပြောင်းအလဲများအား စောင့်ကြည့်နေသူအချို့ကို တွေ့ရစဉ်
Published 21 October 2020
စည်သူအောင်

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး ခုနစ်လအတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာအရေအတွက် ၅၄၂၀၀ ကျော်ကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထားကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသောစာရင်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်မှစတင်ကာ နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အစည်းများကို ရန်ကုန်စတော့အိတ်ချိန်းစာရင်း ကုမ္ပဏီများ၏ အစုရှယ်ယာများဝယ်ယူခွင့် ပြုခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၀ ရက်စာရင်းများအရ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီခြောက်ခုအနက် ကုမ္ပဏီလေးခု၏ အစုရှယ်ယာ ၅၄၂၂၀ ခုကို ဝယ်ယူထားသည်။ ကုမ္ပဏီအလိုက် ဝယ်ယူထားသော အစုရှယ်ယာပမာဏများမှာ ပထမမြန်မာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် (FMI) တွင် ၁၀၀၆၀ ခု၊ မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးလ်ဒင်းပတ် ပလစ်လီမိတက် (MTSH) တွင် ၃၈၃၉၉ ခု၊ Ever Flow River Group Public Co.,Ltd တွင် ၅၅၅၆ ခု၊ TMH Telecom Public Co.,Ltd တွင် ၂၀၅ ခုဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ သတ်မှတ်ထားသည့် ဘဏ်စာရင်းများဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ကြေညာချက်အမှတ် (၄/၂၀၂၀) ဖြင့် အသိပေးကြေညာသည်။

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၉) နှင့် ညွှန်ကြးချက်အမှတ် (၁/၂၀၂၀) တို့ကို ထုတ်ပြန်၍ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ်အရောင်းအဝယ်ပြုလုပ်ရာ၍ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ၏ အပိုဒ် ၃ (ဂ) အရ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ (တစ်ဦးချင်းနှင့် အဖွဲ့အစည်းများ အပါအဝင်) အနေဖြင့် ပထမဦးစွာ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတစ်ခုသို့ သွားရောက်၍ ထောက်ခံစာရယူရန်လိုအပ်သည်။ ယင်းနောက် ပြည်တွင်း၌ နေထိုင်သူဖြစ်ပါက Resident Kyat Account for Securities (R-KAS) နှင့် ပြည်ပတွင် နေထိုင်သူဖြစ်ပါက Non-resident Kyat Account for Securities (N-KAS)နှင့် Non-resident Foreign Currency Account for Securities (N-FAS) ဘဏ်စာရင်းများ ဖွင့်လှစ်ပြီးမှသာ Securities Company များတွင် Securities Account များ ဖွင့်လှစ်ရန်ဖြစ်သည်။

သို့ဖြစ်ပါ၍ ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများအနေဖြင့် ကော်မရှင်မှသတ်မှတ်ထားသည့် ဘဏ်စာရင်းများ အသီးသီးဖွင့်လှစ်၍ အရောင်းအဝယ် ပြုလုပ်ကြပါရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က မေတ္တာရပ်ခံ အသိပေးကြေညာထားသည်။

ရန်ကုန်စတော့အိပ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ်အရောင်းအဝယ်ပြုလုပ်ရာ၌ နိုင်ငံခြားသား ပါဝင်ဆောင်ရွက်ရာတွင် ဘဏ်များလိုက်နာဆောင်ရွက်ရမည့် အချက်များကို နိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၃/၂၀၂၀ ညွှန်ကြားခဲ့ကြောင်း သိရသည်။

ငွေကြေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၉) နှင့် ညွှန်ကြားချက်အမှတ် ၁/၂၀၂၀ များအရ ပြည်တွင်း၌ နေထိုင်သူနိုင်ငံခြားသားနှင့် ပြည်ပတွင် နေထိုင်သူ နိုင်ငံခြားသားများကို ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယားများအား ရောင်းဝယ်ခွင့်ပြုမည်ဖြစ်သည်။

ညွှန်ကြားချက်အမှတ် ၁/၂၀၂၀၊ အပိုဒ် ၁၉ အရ နိုင်ငံခြားသားများအနေဖြင့် အစုရှယ်ယာများ အရောင်းအဝယ်ပြုလုပ်ရာတွင် ယင်းတို့၏ရင်းနှီးမြှုပ်နှံငွေများ မြန်မာနိုင်ငံအတွင်းသို့ ယူဆောင်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှ ပြန်ရငွေများ နိုင်ငံခြားသို့ ပြန်လည်ပေးပို့ခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်မှုကို ခံယူရန်ဖြစ်ကြောင်း ညွှန်ကြားထားသည်။                                        

Most Read

Most Recent