အသင်းဖျက်သိမ်းသွားသော မကွေးအသင်းမှ ကစားသမားများကို ခေါ်ယူလိုသည့် ကလပ်အသင်းများရှိနေပြီး လာမည့်ရာသီစတင်မည့်ကာလအပေါ်မူတည်၍ ကမ်းလှမ်းသွားဖွယ်ရှိ

အသင်းဖျက်သိမ်းသွားသော မကွေးအသင်းမှ ကစားသမားများကို ခေါ်ယူလိုသည့် ကလပ်အသင်းများရှိနေပြီး လာမည့်ရာသီစတင်မည့်ကာလအပေါ်မူတည်၍ ကမ်းလှမ်းသွားဖွယ်ရှိ
Photo: EMG
Photo: EMG
Published 21 October 2020

ပြီးခဲ့သည့်ရက်ပိုင်းက အသင်းဖျက်သိမ်း သွားသည့် မကွေးအသင်းမှ ကစားသမားများကို အခြား MNL ကလပ်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေပြီး လာမည့်ရာသီစတင်မည့်ကာလအပေါ်မူတည်၍ ကမ်းလှမ်းသွားဖွယ်ရှိကြောင်း သိရသည်။

မကွေးအသင်းသည် ပြီးခဲ့သည့်ရာသီတွင် ပြည်တွင်းကစားသမားများဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရွေးစင်အဆင့် ကစားသမားများမပါဝင်သော်လည်း လူငယ်လက်ရွေးစင်များနှင့် မျက်နှာသစ်ကစားသမား အများစု ပါဝင်ခဲ့သည်။ ထို့ကြောင့် MNL  ကလပ်အသင်းများအနေဖြင့် မကွေးအသင်းမှ ကစားသမားများကို အလိုရှိနေခြင်းဖြစ်ပြီး လာမည့်ရာသီအပေါ် မူတည်၍ ကမ်းလှမ်းသွားဖွယ်ရှိနေသည်။ 

" မကွေးအသင်းမှာ အလားအလာရှိတဲ့ ကစားသမားကောင်းတွေ ရှိပါတယ်။ ကျွန်တော်တို့လည်း ခေါ်ယူဖို့ စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ အခက်အခဲရှိတာက လာမယ့်ဘောလုံးရာသီက ဘယ်တော့စတင်နိုင်မလဲ မသိသေးတာဖြစ်ပါတယ်။ ကျွန်တော်တို့က အလျင်စလိုခေါ်ပြီး ဘောလုံးရာသီက မစဖြစ်ရင် ကျွန်တော်တို့အတွက် အများကြီး နစ်နာနိုင်ပါတယ်။ ဒါကြောင့် မြန်မာနေရှင် နယ်လိဂ်က လာမယ့်ဘောလုံးရာသီ ဘယ်တော့စမလဲဆိုတာ သတ်မှတ်ပြီးမှပဲ လုပ်ဆောင်ရမှာပါ။ အသင်းရဲ့ လိုအပ်နေတဲ့နေရာတွေမှာ အသုံးပြုဖို့ ခေါ်ယူချင်တဲ့ ကစားသမားတွေတော့ရှိပါတယ်" ဟု MNL  ကလပ်အသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မကွေးအသင်းတွင် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲ ကြေးတံဆိပ်ဆုရအသင်း၌ ပါဝင်ခဲ့သည့် ဝင်းမိုးကျော်၊ စိုးအာကာ၊ စိုးလွင်လွင်တို့အပါအဝင် လူငယ်လက်ရွေးစင်အဆင့် ကစားသမားများ ပါဝင်ကစားနေပြီး MNL  ပြိုင်ပွဲတွင် ကစားနိုင်သူများ ပါဝင်နေသောကြောင့် အခြားကလပ်အသင်းများအနေဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။ 

မကွေးအသင်းသည် ၂၀၂၀ ရာသီ MNL  အမှတ်ပေးပြိုင်ပွဲအပြီးတွင် ဖျက်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပြီး ကစားသမားများကိုလည်း နစ်နာကြေး သုံးလစာပေးရန် ဆုံးဖြတ်ခဲ့သည်။ မကွေးအသင်းသည် MNL  စတင်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အသင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးအထိ ငွေကြေးပုံမှန်သုံးစွဲခဲ့ သော်လည်း ၂၀၁၈ ရာသီမှစတင်ကာ ငွေကြေး သုံးစွဲမှုလျှော့ချကာ ပြည်ပကစားသမားလည်း ခေါ်ယူခြင်းမရှိတော့ကြောင်း သိရသည်။

Most Read

Most Recent