မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများ များပြားသော်လည်း အဓိကအားဖြင့် ဒီမိုကရေစီအုပ်စုနှင့် အာဏာရှင်အုပ်စု နှစ်စုသာရှိကြောင်း NLD ပါတီဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က U Win Myint ဟူသော အမည်ဖြင့် Facebook Page တစ်ခုဖွင့်ကာ နိုင်ငံရေးနှင့်ပတ်သက်၍ ရေးသားဖော်ပြမှုများ ပြုလုပ်နေပြီး အောက်တိုဘာ ၂၀ ရက် ရေးသားဖော်ပြချက်တွင် ၎င်းက ထိုသို့ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဒီမိုကရေစီအမျိုးမျိုး ကျင့်သုံးကြပြီး နှစ်ပါတီ ဒီမိုကရေစီစနစ်ရှိသကဲ့သို့ ပါတီစုံ ဒီမိုကရေစီစနစ်လည်း ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
“ နိုင်ငံက သေး၊ လူဦးရေက နည်းပြီး ပါတီတွေက များတော့ မဲဆန္ဒရှင်တွေမှာ မျက်စိလည် လမ်းမှားတတ်ကြပါတယ်။ ဒါပေမဲ့ ခွဲခြမ်းစိတ်ဖြာကြည့်ရင် လမ်းမှန်ကို တွေ့ရပါလိမ့်မယ်။ ခွဲခြမ်းကြည့်ရင် ဒီမိုကရေစီအုပ်စုနဲ့ အာဏာရှင်အုပ်စု နှစ်စုသာ အဓိကရှိပါတယ်” ဟု သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
အဆိုပါ အုပ်စုနှစ်ခုကို ထပ်မံစိတ်ဖြာကြည့်ပါက ဒီမိုကရေစီအုပ်စုထဲတွင်မှ ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းရှိသော ပါတီ၊ ပြည်သူကို ယုံကြည်အားကိုးသော ပါတီ၊ ပြည်သူက အားပေးထောက်ခံသော ပါတီနှင့် ဒီမိုကရေစီကို မဆုတ်မနစ် ကြိုးပမ်းအားထုတ်သော ပါတီကို ရွေးချယ်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ထပ်မံစိတ်ဖြာလိုက်ရင် ဒီမိုကရေစီအုပ်စုထဲမှာမှ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းရှိတဲ့ ပါတီ၊ ပြည်သူကို ယုံကြည်အားကိုးတဲ့ပါတီ၊ ပြည်သူက အားပေးထောက်ခံတဲ့ပါတီ၊ ဒီမိုကရေစီရေးကို မဆုတ်မနစ် ကြိုးပမ်းအားထုတ်တဲ့ ပါတီကို ရွေးချယ်ကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီရေးအတွက် NLD မှတစ်ပါး အခြားမရှိပါ” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်ပြီး လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း တာမွေမြို့နယ် မဲဆန္ဒနယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။















