ဂါရတ်ဘေးလ်ကျိန်စာဟု ဝေဖန်နေကြသည့်အပေါ် မော်ရင်ဟို ငြင်းဆန်ခဲ့ပြီး ဘေးလ်ကို ထည့်သွင်းခဲ့ခြင်းနှင့်ပတ်သက်ပြီး ကာကွယ်

ဂါရတ်ဘေးလ်ကျိန်စာဟု ဝေဖန်နေကြသည့်အပေါ် မော်ရင်ဟို ငြင်းဆန်ခဲ့ပြီး ဘေးလ်ကို ထည့်သွင်းခဲ့ခြင်းနှင့်ပတ်သက်ပြီး ကာကွယ်
Published 20 October 2020

စပါးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ဝက်စ်ဟမ်းအသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်တွင် (၃)ဂိုးအသာဖြင့် ဦးဆောင်နေခဲ့ပြီး ဂါရတ်ဘေးလ်ဝင်လာပြီးနောက် (၃)ဂိုးစီ သရေကျခဲ့ခြင်းအတွက် ဂါရတ်ဘေးလ်ကျိန်စာဟု ဝေဖန်၊ လှောင်ပြောင်မှုများအား ကာကွယ်ခဲ့ပြီး ဂါရတ်ဘေးလ်ကို အသုံးပြုခဲ့ခြင်းမှာ လိုအပ်သောကြောင့် လုပ်ခဲ့ခြင်းသာဖြစ် ကြောင်းလည်း ပြောကြားခဲ့သည်။

စပိန်မီဒီယာများသည် ဂါရတ်ဘေးလ်ကို ထည့်ပြီးမှ သရေကျခဲ့ခြင်းအပေါ် ဂါရတ်ဘေးလ်ကျိန်စာမိနေခြင်းဟု လှောင်ပြောင်ခဲ့ကြပြီး၊ ဗြိတိန်မီဒီယာများကလည်း ဆွန်ဟောင်မင်ကို ထုတ်ခဲ့ခြင်း၊ ဂါရတ်ဘေးလ်ကို ထည့်သုံးခဲ့ ခြင်းတို့နှင့်ပတ်သက်ပြီး ဝေဖန်ခဲ့ကြသည်။

မော်ရင်ဟိုကမူ ''ဒီဆုံးဖြတ်ချက်က ဂါရတ်ဘေးလ်ဟာ ကွင်းဘေးစည်းက အရန်ခုံမှာ ပျော်ပျော်ကြီးလာနေတာမဟုတ်ဘူးဆိုတာကို ပြသဖို့ပါ။ ပြီးတော့ အသင်းမှာရှိတဲ့ ဘယ်ကစားသမားမဆို ပုံမှန်နေရာအတွက် တိုက်ပွဲဝင်ရမယ်ဆိုတာကို ပြသခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဂါရတ်ဘေးလ်က ဒီအသင်းမှာ သူ့ရဲ့အနေအထားကို နားလည်ပြီး ပျော်ရွှင်နေပါတယ်။ သူ့ကို အသင်းဖော်တွေက သဘောကျကြပြီး၊ သူကလည်း ဒီအသင်းမှာရှိနေရတာကို သဘောကျပါတယ်''ဟု ပြောကြား ခဲ့သည်။

(၃)ဂိုးသွင်းပြီးမှ သရေပြန်ကျခဲ့ခြင်းနှင့်ပတ်သက်ပြီးလည်း ''ဒါမျိုးဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး။ ဒါကြောင့် နောက်ဆုံးမှာ ကျွန်တော်တို့က အပြစ်ပေးခံခဲ့ရတာပါ။ ဒီအချိန်မှာ ပြိုင်ဘက်ကို ချီးကျူးပြီး ကျွန်တော့်အသင်းကို ပြန်ဝေဖန်ရတာလွယ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ခံစားရတာကိုပဲပြောရရင် နောက်ဆုံး(၁၀)မိနစ်မှာ လုံလောက်မှုမရှိခဲ့ပါဘူး''ဟု ဆိုခဲ့သည်။

 

Most Read

Most Recent