ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများထံ ဆက်သွယ်မေးမြန်းခြင်း

ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများထံ ဆက်သွယ်မေးမြန်းခြင်း
Published 20 October 2020
စည်သူ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ကိုးမြို့နယ်နှင့် အခြားမြို့နယ်အချို့၏ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ လာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအား ကျင်းပနိုင်ခြင်းမရှိကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများထံ ဆက်သွယ်မေးမြန်းထားသည်များကို စုစည်းဖော်ပြလိုက်ပါသည်။

“လုံခြုံရေးအရ သူတို့ မထိန်းကျောင်းနိုင်လို့ ရွေးကောက်ပွဲမလုပ်တာလို့ သူတို့ကိုယ်တိုင်က တရားဝင်ပြောထားတယ်ဆိုတော့ သူတို့ အဲဒီနေရာတွေကို မထိန်းကျောင်းနိုင်လို့ပေ့ါ။ တစ်နည်းအားဖြင့်ပြောရင် ရခိုင်ပြည်မှာ ကိုးမြို့နယ်ကို သူတို့ လုံးဝမထိန်းကျောင်း နိုင်ဘူးလို့ ပြောတာနဲ့ အတူတူပဲ။ ဒီနေရာကို အစိုးရက လုံခြုံမှုမပေးနိုင်ဘူး။ တရားဥပဒေ စိုးမိုးမှုမရှိဘူးဆိုတော့ ပြည်သူတွေကို ကာကွယ်ပြီးမှ ပြည်သူ့အသံကို ပြောမယ့်သူကတော့ မရှိတော့ဘူး”

 

ဒေါ်ခင်စောဝေ

(ANP ပါတီ၏ ရသေ့တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)

ရသေ့တောင်ကတော့ တိုက်ပွဲဖြစ်နေတဲ့ နေရာဖြစ်တယ်ပေါ့နော်။ ရသေ့တောင်ကတော့ မပါနိုင်ဘူးဆိုတာ အသံလည်း တော်တော်ထွက်နေပါတယ်။ ထွက်နေတဲ့အတွက် မဖြစ်တော့ဘူးဆိုတာ မျှော်လင့်ထား ပြီးသား ပါ။ ဒါပေမဲ့ မဲဆွယ်စည်းရုံးတာက ရှေ့ပဲ တိုးရမလား နောက်ပဲ ဆုတ်ရမလားဆိုတာ အ မြန်ဆုံးထုတ်စေချင်လို့ တိုက်တွန်းပြောဆိုခဲ့ တယ်။ ဆိုတော့ ကိုးမြို့နယ်က လုံးဝရွေးကောက်ပွဲမလုပ်ဘူးဆိုတာ တွေ့ပါတယ်။ တ ချို့နေရာတွေဆိုရင်လည်း ပြည်နယ်လွှတ်တော် တစ်နေရာစီ မပါတာလည်း တွေ့တယ် ပေါ့နော်။ ကျေးရွာအုပ်စုတွေကို လျော့လိုက်တာလည်း တွေ့ပါတယ်။ ဒီအတွက်ကြောင့် ရွေးကောက်ပွဲဥပဒေမှာပါတဲ့အတိုင်း ရွှေ့ ဆိုင်းနိုင်တယ်ပေ့ါလေ။ ဒီအတိုင်း ဥပဒေရှိ တဲ့အတွက် ဒါကိုတော့ ဘာမှမပြောလိုပါဘူး။ ဥပဒေအတိုင်း လုပ်တယ်လို့ မြင်ပါတယ်။ ဒါပေမဲ့လည်း ဒီကိုးမြို့နယ်ထဲမှာ ပေါက်တော မြို့နယ်ကကျတော့ သူကကျတော့ တိုက်ပွဲ တစ်ခါမှလည်း မရှိဘူး။ အခု စစ်တွေကိုကျတော့ ထည့်သွင်းထားတယ်ပေ့ါလေ။ ပေါက်တောမြို့နယ်ကကျတော့ တိုက်ပွဲလုံးဝမရှိခဲ့တဲ့အတွက် ပေါက်တောမြို့နယ်ကို ဘာ ကြောင့် ရွေးကောက်ပွဲ မပြုလုပ်တဲ့စာရင်းထဲ မှာ ပါသွားတာကိုတော့ ပွင့်လင်းမြင်သာစွာ ပြည်သူလူထုကို ချပြဖို့ လိုအပ်တယ်လို့ ပြော ချင်ပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာလောက်က မပါဘူးဆိုရင်တော့ ဘာပဲဖြစ်ဖြစ် UEC ရဲ့ ရွေးကောက်ပွဲ ဥပဒေကိုတော့ သူတို့အတိုင်း ကြေညာတယ်ပေ့ါ။ အခုက မောင်တော ဘက်မှာကျတော့လည်း တိုက်ပွဲဖြစ်တဲ့နေရာ တော့မဟုတ်ဘူး။ ဘူးသီးတောင်ဘက်မှာ တော့ ဖြစ်တယ်။ မောင်တောဘက်က လူဦးရေလည်း နည်းတော့ လုပ်ပေးမယ်ဆိုရင် လည်း လုပ်ပေးလို့ ရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့လည်း ဘာကြောင့် တိုက်ပွဲမဖြစ်တဲ့ နေရာတွေကို ရွေးကောက်ပွဲမလုပ် ရလဲဆိုတာကို ပွင့်လင်းမြင်သာစွာချပြပေးဖို့ တောင်းဆိုချင်ပါတယ်။ UEC က ဘာကို အကြောင်းပြမလဲဆိုတာ သိချင်တာ။

■ ■ ■ 

■  ဦးထွန်းလှ

(ALD ပါတီ၏ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း)

ပထမအချက်က ပြည်သူတွေက နိုင်ငံ သားအခွင့်အရေး ဆုံးရှုံးတာပေ့ါ။ ဒုတိယ အချက်အနေနဲ့ကတော့ ကျွန်တော်တို့လည်း အချိန်ပန်း ငွေကုန်ပေ့ါနော်။ အဓိကကတော့ ဒီနှစ်ချက်က အလကားဖြစ်သွားတာပေါ့။ နော်။ ဘာကြောင့် မကျင်းပတာလဲဆိုတော့ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် မကျင်းပ ဘူးလို့တော့ ထင်တာပဲ။ ကျောက်တော်ဆိုရင် တိုက်ပွဲတွေဖြစ်နေတယ် ပြောလို့ရတယ်ပေါ့။ နော်။ ပေါက်တောဆိုရင် တိုက်ပွဲဆိုလည်း မရှိသလောက်ရှားတယ်ပေါ့ဗျာ။ ဒီနေရာ တွေမှာတော့ လုပ်သင့်တယ်လို့ ယူဆတယ်။ အခုလို ပိတ်ပင်ခံလိုက်ရတော့ ဒေသခံတွေ အနေနဲ့လည်း ပိုပြီးစိုးရိမ်စရာတွေ ဖြစ်လာ နိုင်တယ်ပေ့ါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဒေသမှာ တိုက်ပွဲများ ပိုပြင်းထန်လာမလား ဆိုပြီးတော့။ ဒါကြောင့်များ ရွေးကောက်ပွဲ မကျင်းပတာလားဆိုပြီး စိုးရိမ်ကြောင့်ကျ စိတ်တွေ ဖြစ်လာနိုင်တယ်။ ပြည်သူဆိုတာက တော့ ရောဂါပိုးဖန်တီးတဲ့အထဲလည်း မပါ ဘူး။ တိုက်ပွဲဖန်တီးတဲ့အထဲလည်း မပါဘူး။ ပြည်သူဆိုတာက ကိုယ်စားလှယ်ကို မျှော် လင့်နေတာပဲဗျ။ သူတို့ရဲ့ လိုအပ်ချက်တွေ ဒုက္ခတွေကို သူတို့ကိုယ်တိုင် ပြောဆိုနိုင်တာ မဟုတ်တဲ့အတွက် ကိုယ်စားလှယ်တွေကို အ ကူညီတောင်းကြတယ်ဗျ။ ဆိုတော့ အခုအ ချိန်မှာ ရွေးကောက်ပွဲ မကျင်းပဘူးဆိုတော့ သူတို့အနေနဲ့ အလွန်တရာ စိတ်မကောင်း ဘူးဆိုတာ ကျွန်တော်တို့ကိုလည်း ဆက်သွယ် ပြီး ပြောတာတွေ ရှိပါတယ်။ ပြည်သူတွေအ နေနဲ့ အခွင့်အရေးတွေ ဆုံးရှုံးရပါတယ်။

■ ■ ■ 

■ ဦးထွန်းသာစိန်

(ANP ပါတီ၏ မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း)

ဒီမြို့နယ်တွေမှာ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဌာနက လုံခြုံရေး မပေးနိုင်ဘူး။ လုံခြုံ မှုမရှိဘူး။ ပြီးတော့ တရားမျှတတဲ့ ရွေး ကောက်ပွဲဖြစ်မလာနိုင်ဘူးဆိုပြီး အကြောင်း ပြချက်တွေကြောင့် ကျွန်တော်တို့ မြို့နယ် တွေကို ထားခဲ့တယ်လို့ သိရပါတယ်။ ရွေး ကောက်ပွဲကျင်းပဖို့မပါတဲ့ မြို့နယ်ကိုယ်စား ပြောချင်တာကတော့ ကျွန်တော်တို့ လွှတ် တော်နိုင်ငံရေးမှာပေ့ါနော်။ ဒေသကို ကိုယ် စားပြုပြီးတော့ပြောမယ့်ဆိုမယ့် တောင်းမယ့် ကိုယ်စားလှယ်တွေ မရှိတော့ဘူးပေါ့နော်။ မရှိတဲ့အတွက် ဒေသခံ မဲဆန္ဒရှင်ပြည်သူတွေ အတွက် အများကြီးနစ်နာမှု ရှိပါတယ်။ ပြီး တော့ ပေါက်တောမြို့နယ်မှာ တိုက်ပွဲဖြစ် တာလည်း မရှိဘူး။ တစ်ကြိမ်တစ်ခါမှလည်း သေနတ်သံတွေ ဘာတွေမကြားဖူးဘူး။ အဲ ဒီပေါက်တောမြို့နယ်ကိုလည်းပဲ ရွေးကောက် ပွဲ မလုပ်ဘူးဆိုတော့ ကျွန်တော်တို့ပါတီက အနိုင်ရခဲ့တဲ့ မြို့နယ်တွေကိုများ သက်သက် ချန်ခဲ့လားဆိုတာ သံသယဖြစ်မိပါတယ်။ ရွေး ကောက်ပွဲကော်မရှင် ထုတ်ပြန်ထားတဲ့ ကိစ္စ ကို ဆက်လုပ်ရမယ့် လမ်းစတောင် မမြင်သေး ဘူး။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် တွေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုတော့ ကျွန်တော်တို့ကို အခြားမြို့နယ် ပြည်နယ်နဲ့ မတူဘဲနဲ့ ကျွန်တော်တို့က နိုင်ငံသားဖြစ်ပေ မယ့် နိုင်ငံသားအခွင့်အရေးကို မရဘူး။ ချိုး နှိမ်ခံရတယ်လို့ပဲ ခံစားရပါတယ်။

■ ■ ■ 

■ ဦးစိန်ချစ် (AFP ပါတီ CEC )

ကျွန်တော့်အမြင်ပြောရရင် UEC ကို မေးချင်တာပါ။ ဘယ်လိုသတ်မှတ်ချက်တွေ နဲ့ ရွေးကောက်ပွဲ လုပ်မယ် မလုပ်ဘူးဆိုတာ ဆုံးဖြတ်တာလဲလို့ မေးချင်တယ်။ ကျွန်တော် တို့ ရခိုင်မှာ ပေါက်တောမြို့နယ်ဆိုရင် သေ နတ်သံ တစ်ချက်မှ မကြားခဲ့ရဘူး။ ချင်းပြည် နယ်က ပလက်ဝဆိုရင် သေနတ်သံတွေ အ ရမ်းကြားခဲ့ရတဲ့ နေရာဖြစ်တယ်။  နည်းနည်း လေး ဒွိဟဖြစ်စရာက တိုက်ပွဲဖြစ်နေတဲ့အ တွက်ကြောင့် ရွေးကောက်ပွဲ မကျင်းပဖို့ သတ်မှတ်တယ်ဆိုရင် ပေါက်တော ဘာဖြစ် လို့ ပါသွားလဲ။ ပလက်ဝ ဘာဖြစ်လို့မပါလဲ။ ဒါတွေဟာ UEC ကို မေးခွန်းတွေ မေးရမယ့် အနေအထားဖြစ်နေပြီထင်တယ်။ ဘယ်လို သတ်မှတ်ချက်တွေနဲ့ ရွေးကောက်ပွဲလုပ် မယ့် နေရာတွေကို သတ်မှတ်တယ်ဆိုတာကို အစိုးရကသော်လည်းကောင်း UEC က သော်လည်းကောင်း ပွင့်လင်းမြင်သာစွာ မဲဆန္ဒရှင်ပြည်သူတွေကို ချပြသင့်တယ်လို့ မြင်ပါတယ်။ ရခိုင်မှာ ပြည်နယ်လွှတ်တော် ဆိုရင် ပုံမှန်ကျင်းပမယ်ဆိုရင်ပေ့ါလေ ၄၇ ယောက်ရှိမယ်။ အခုက တွက်ကြည့်တဲ့အခါ မှာ လွှတ်တော်ထဲမှာ တပ်မတော်အပါအဝင် ၂၀ ပဲ ရှိတယ်။ လွှတ်တော်တစ်ခုရဲ့ Check and Balance  က အယောက် ၂၀ နဲ့ ဘယ်လို မျိုးသွားမယ်ဆိုတာက တော်တော်လေး ရှုပ် ထွေးစရာတွေ ခက်ခဲစရာတွေ ဖြစ်လာမယ် လို့ မြင်ပါတယ်။

■ ■ ■ 

■ ဦးအောင်သောင်းရွှေ

(ဘူးသီးတောင်မြို့နယ်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း)

ပြောရမယ်ဆိုရင် ဒါက အစိုးရ လုပ်ရမယ့်အလုပ်လေ။ အစိုးရ ရွေးကောက်ပွဲကို ကျင်းပရမယ်ဆိုတာ အစိုးရအလုပ်။ အစိုးရက အဲ့ဒီနေရာမှာ ရွေးကောက်ပွဲကို ကျင်းပ လို့ မရဘူးဆိုတာက လုံခြုံမှုမပေးနိုင်ဘူးလို့ ပြောတာပဲလေ။ ဆိုတော့ သူတို့ ဒီနေရာကို တရားဥပဒေစိုးမိုးရေး၊ အေးချမ်းတည်ငြိမ် အောင် ထိန်းပေးနိုင်မှု အားနည်းနေတယ်ဆို တာကို သူတို့ ဖော်ပြရာလည်း ရောက်တယ်။ ဒီနေရာကို တည်ငြိမ်အေးချမ်းအောင် တရား ဥပဒေစိုးမိုးအောင် မထားနိုင်လို့ ရွေးကောက်ပွဲကို မကျင်းပနိုင်ပါဘူးလို့ ပြောရာရောက်တယ်။ ဒီနေရာတွေကို ရွေးကောက်ပွဲ မကျင်းပ နိုင်ခြင်းကလေ။ ဆိုတော့ အစိုးရရဲ့ အား နည်းချက်ကို သူတို့က ဖော်ပြနေတာပဲလို့ ကျွန်တော်တို့က ပြောလို့ရတာပေါ့နော်။ ရွေး ကောက်ပွဲကျင်းပခြင်း မကျင်းပခြင်းက အစိုးရ က သူတို့ဟာသူတို့ လုံခြုံအောင် မထားနိုင် ဆိုတာကို အားနည်းချက်ကို ဖော်ပြတာပဲ။ ဒါကြောင့် မကျင်းပတာဖြစ်တယ်။ လုံခြုံရေး အရ သူတို့ မထိန်းကျောင်းနိုင်လို့ ရွေး ကောက်ပွဲမလုပ်တာလို့ သူတို့ကိုယ်တိုင်က တရားဝင်ပြောထားတယ်ဆိုတော့ သူတို့ အဲဒီနေရာတွေကို မထိန်းကျောင်းနိုင်လို့ ပေ့ါ။ တစ်နည်းအားဖြင့်ပြောရင် ရခိုင်ပြည် မှာ ကိုးမြို့နယ်ကို သူတို့ လုံးဝမထိန်းကျောင်း နိုင်ဘူးလို့ ပြောတာနဲ့ အတူတူပဲ။ ဒီနေရာကို အစိုးရက လုံခြုံမှု မပေးနိုင်ဘူး။ တရားဥပဒေ စိုးမိုးမှုမရှိဘူးဆိုတော့ ပြည်သူတွေကို ကာ ကွယ်ပြီးမှ ပြည်သူ့အသံကို ပြောမယ့်သူက တော့ မရှိတော့ဘူး။

■ ■ ■ 

■ ဦးခင်မောင်ဌေး

(ALD ပါတီ၏ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း)

ကျွန်တော်ပြိုင်မယ့် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှာ မဲရုံ ၉၈ ရုံ ရှိပါ တယ်။ အခု ၉၁ ရုံ ပါသွားတယ်။ အခု ကျွန် တော်က ခုနစ်ရုံပဲ ပြိုင်ရတော့မှာ။  ကျွန်တော့် အနေနဲ့ပြောရရင် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှာဆိုရင် မိုင်းဖောက်တဲ့ နေ ရာတွေလည်းရှိတယ်။ ဒါပေမဲ့ ဘာမှမဆိုင် တဲ့ အေးအေးချမ်းချမ်းနေရာတွေလည်း အများကြီးရှိတာပေ့ါနော်။ အဲဒီနေရာတွေလည်း ပါသွားတာပေ့ါနော်။ ဒီအတွက် စိတ် မကောင်းပါဘူး။ အမိန့်ထုတ်တာတော့ ရွေး ကောက်ပွဲကော်မရှင်က ထုတ်တာပေ့ါနော်။ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖိအား ပေးတာ ရှိတာပေါ့နော်။ ဒီမိုကရေစီအမြင်နဲ့ ကြည့်ရင်တော့ တော်တော်လေးအရုပ်ဆိုး သွားတဲ့ သဘောတရားရှိတယ်။

Most Read

Most Recent