ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မဆောင် (၁၁) ၊ (၁၂) နှင့် အထူးကြပ်မတ်ကုသဌာနများတွင် COVID-19 ပိုးတွေ့ လူနာများကို စတင်ထားရှိ ကုသပေးလျက်ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
လက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မဆောင် တစ်ခုလုံးကို COVID-19 ပိုးတွေ့ လူနာများ သီးသန့်ထားရှိ ကုသနိုင်ရန် ပြင်ဆင်ခဲ့ပြီး လက်ရှိ အဆောင် ၁၀ ခုအနက် အဆောင် (၁၁) နှင့် (၁၂) ၊ အထူးကြပ်မတ်ကုသဌာနများတွင် လူနာများ စတင်ထားရှိ ကုသပေးလျက်ရှိကြောင်းနှင့် ပင်မဆောင်အရှေ့ခြမ်း ပြင်ဆင်မှုပြီးပါက အနောက်ခြမ်း အဆောင် ၃/၄၊ ၉/၁၀ နှင့် ၁၅/၁၆ တို့ကို ဆက်လက် ပြင်ဆင်မည် ဖြစ်သည်။
လက်ရှိ COVID-19 ပိုးတွေ့လူနာများကို နိုင်ငံတကာ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ FDA အသိအမှတ်ပြုထားသော ဆေးဝါးများဖြင့် ကုသပေးနေပြီ ဖြစ်သည်။
“ကုသရေးမှာလည်း အခုအခါမှာ လက္ခဏာရှိတဲ့သူ၊ မရှိတဲ့သူတွေ၊ အတော်အသင့် ရှိတဲ့သူတွေ၊ ဖျားနာလူနာတွေ ၊ ရောဂါလက္ခဏာ ပြင်းထန်တဲ့သူတွေကို နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ အသိအမှတ်ပြုထားတဲ့ FDA အသိအမှတ်ပြု ဆေးဝါးတွေနဲ့ ကုသပေးလျက် ရှိပါတယ်။ ဒါကိုလည်းပဲ နိုင်ငံတကာနဲ့ တန်းတူတပြေးညီ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ စတင်အသုံးပြုနေပါပြီ။ အခုဆို ဒီဆေးတွေနဲ့ စတင်သုံးနေပါပြီ” ဟု ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်က အိန္ဒိယနိုင်ငံ Zyduscadila ဆေးကုမ္ပဏီမှ ထုတ်လုပ်သည့် Remdesivir ထိုးဆေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်း နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်အမ်နာရာဗိန်း တို့သည် အောက်တိုဘာ ၅ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် နှစ်နိုင်ငံဆိုင်ရာ အရေးကြီးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသကဲ့သို့ မြန်မာနိုင်ငံ၏ COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့မှု တစ်စိတ်တစ်ပိုင်းအဖြစ် Remdesivir ထိုးဆေးအလုံး ၃၀၀၀ ကျော်ကို လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း အိန္ဒိယသံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သွေးကြောထဲသို့ ထိုးသွင်းရသည့် ဗိုင်းရပ်စ်သတ်ဆေး Remdesivir ကို COVID-19 ကုသရန် ဆေးဝါးအဖြစ် အသုံးပြုပြီး လွန်ခဲ့သည့် သီတင်းပတ်အတွင်းက COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကိုလည်း အဆိုပါဆေးဖြင့် ကုသခဲ့ကြောင်းလည်း သိရသည်။
ဆေးရုံများ၌ COVID-19 ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် ပြည်သူ့ကျနး်မာရေး၊ ကုသရေးဦးစီးဌာန အရေးပေါ်ရန်ပုံငွေနှင့် CERP မှ ကျပ်ငွေ သန်းပေါင်း ၃၆၀၀၀ ကျော် အသုံးပြု၍ ဝယ်ယူလျက်ရှိပြီး COVID-19 ရောဂါကုသရေးနှင့် ဆိုင်သော ဆေးပစ္စည်းများ အသုတ်လိုက် ရောက်ရှိရန်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ဆေးရုံများ၌ COVID-19 ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရန်နှင့် အလုံအလောက် ထောက်ပံ့ပေးနိုင်ရန် ဝန်ကြီးဌာနဘဏ္ဍာငွေဖြင့် ဝယ်ယူထားသည့်အပြင် GAVI (US$ ၁ဝသန်း) ၊ Global Fund (US$ ခုနစ်သန်း)၊ Access to Health Fund (US$ ၁၆ သန်း) ၊ WHO (US$ ၅ သန်း) ၊ USAID (US$ ၈ သန်း)၊ ADB (US$ ၁ ဒသမ ၈ သန်း)၊ World Bank (US$ ရှစ်သန်း) စသည့် အဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံ (US$ ၂၇ သန်း)၊ ကိုရီးယားသမ္မတနိုင်ငံ (US$ တစ်သန်း) နှင့် ထိုင်းနိုင်ငံ (US$ သုံးသိန်း) တို့မှ ထောက်ပံ့သော ပစ္စည်းကိရိယာများလည်း ရောက်ရှိလျက်ရှိကြောင်း နှင့် နိုင်ငံတော်အစိုးရမှ အထူးအပိုဆောင်းပံ့ပိုးသော ၂၆၇ ဘီလျံကျပ်နှင့် အလှူရှင်များ၏ လှူဒါန်းထားသော ပစ္စည်းများ ရောက်ရှိလက်ခံလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ယခုအချိန်အထိ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန အရေးပေါ်ရန်ပုံငွေ၊ ADB-GMS Health Security ၊ COVID-19 Economic Relief Plan မှ ကျပ်ငွေ စုစုပေါင်း သန်းပေါင်း ၃၆၀၀၀ ကျော် အသုံးပြု၍ ဝယ်ယူလျက်ရှိပြီး COVID-19 ရောဂါကုသရေးနှင့် ဆိုင်သော ဆေးပစ္စည်းများ အသုတ်လိုက် ရောက်ရှိလျက်ရှိကြောင်း နှင့် World Bank နှင့် ADB ချေးငွေ ဒေါ်လာ သန်း ၉၀ ကျော်ဖြင့် ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ အထူးကြပ်မတ် ကုသခန်းများ တိုးချဲ့ဖြည့်ဆည်းခြင်း၊ ဆေးရုံများ၌ လိုအပ်သော ဆေးနှင့်စက်ပစ္စည်း ကိရိယာများ ဖြည့်ဆည်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။















