စစ်ကိုင်းမြို့နယ် အမှတ် (၁၆) ရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ရဲတပ်သားတစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့

စစ်ကိုင်းမြို့နယ် အမှတ် (၁၆) ရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ရဲတပ်သားတစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့
Published 13 October 2020
မင်းလတ်

စစ်ကိုင်းမြို့နယ် အမှတ် (၁၆) ရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်ရန် ရန်ကုန်တိုင်းဒေသကြီးမှ ရောက်ရှိလာသည့် ရဲတပ်သားတစ်ဦးထံက COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

COVID-19 ရောဂါပိုး တွေ့ရှိရသည့် ရဲတပ်သားတစ်ဦးမှာ စက်တင်ဘာ ၂၂ ရက် က ရန်ကုန်တိုင်းဒေသကြီးမှ စစ်ကိုင်းမြို့နယ် အမှတ် (၁၆) ရဲတပ်ရင်းသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိခဲ့ပြီး ထိုရဲတပ်ရင်းတွင်  Quarantine ဝင်နေသူများ ဖြစ်ကြောင်း၊ ၎င်းအား ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာသော်တာထက်က ပြောကြားသည်။

“အရင် ခုနစ်ဦး ပိုးတွေ့တာပေါ့။ အဲမှာ နှစ်ယောက်ကျန်နေတာ သူသတ်မှတ်ချိန် ရောက်တော့ ဒုတိယအကြိမ် ပြန်စစ်တာပေါ့ အဲထဲကနေ တစ်ယောက် ပိုးတွေ့တာပါ။ မနေ့ကတည်းက ဆေးရုံတင်ပို့ ထတယ်။ ကျန်းမာရေးလည်း ကောင်းမွန်ပါတယ်။ ကျန်တဲ့ တစ်ယောက်ကတော့ ပိုးမတွေ့တဲ့အတွက် Quarantine ဆက်နေနေပါတယ်” ဟု ၎င်းကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ရဲတပ်ရင်းများမှ ရဲတပ်သား ကိုးဦးသည် စစ်ကိုင်းမြို့နယ် အမှတ် (၁၆) ရဲတပ်ရင်းသို့ တာဝန်ထမ်းဆောင်ရန်တွင် ရောက်ရှိခဲ့ပြီး ထိုရဲတပ်ရင်းတွင် Quarantine ထားရှိပြီး စစ်ဆေးရာမှ ရဲတပ်သား ကိုးဦးအနက် ခုနစ်ဦးမှာ စက်တင်ဘာ ၃၀ ရက်က COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီး နှစ်ဦးမှာ ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုကျန်ရှိ ရဲတပ်သား နှစ်ဦးအား ဒုတိယအကြိမ် နှာခေါင်တို့ပတ်ယူ၍ ထပ်မံ စစ်ဆေးရာ တစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲတပ်ရင်းမှ COVID-19 ရောဂါပိုးတွေ့ ရဲတပ်သား ခုနစ်ဦးမှာလည်း ရောဂါသက်သာ ပျောက်ကင်း၍ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းအချိန်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်းနှင့် အမှတ် (၁၆) ရဲတပ်ရင်းတွင် Home Quarantine နေထိုင်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာ ၁၁ ဦးထိရှိခဲ့ပြီး ယင်း COVID-19 အတည်ပြုလူနာများကို စစ်ကိုင်းမြို့ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်၍ ဆေးကုမှုများ ဆောင်ရွက်ပေးခဲ့ရာ အောက်တိုဘာ ၁၀ ရက်အထိ စုစုပေါင်း ကိုးဦးမှ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ပြုလိုက်သောကြောင့် ဆေးရုံတွင် COVID-19 အတည်ပြုလူနာ နှစ်ဦးသာ ကျန်ရှိပြီး ဆေးကုသမှု ဆက်လက် ခံယူနေရကြောင်း သိရသည်။

Most Read

Most Recent