စစ်ပွဲထက် မူးယစ်ဆေးကြောင့် ဒုက္ခရောက်နေသူများနေသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ပြည်သူများနှင့်ပူးပေါင်းကာ လုပ်ဆောင်မည့်မူဝါဒချထားဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ပြောကြား

စစ်ပွဲထက် မူးယစ်ဆေးကြောင့် ဒုက္ခရောက်နေသူများနေသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ပြည်သူများနှင့်ပူးပေါင်းကာ လုပ်ဆောင်မည့်မူဝါဒချထားဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ပြောကြား
ကချင်ပြည်နယ်အတွင်း ကချင်ပြည်နယ်ပြည်သူ့ပါတီမှ လူငယ်အဖွဲ့လှည့်လည်မဲဆွယ်စည်းရုံးနေစဉ် (ဓာတ်ပုံ-KSPP youth FB page)
ကချင်ပြည်နယ်အတွင်း ကချင်ပြည်နယ်ပြည်သူ့ပါတီမှ လူငယ်အဖွဲ့လှည့်လည်မဲဆွယ်စည်းရုံးနေစဉ် (ဓာတ်ပုံ-KSPP youth FB page)
Published 13 October 2020
ထွန်းလင်းအောင် (မြစ်ကြီးနား)

 ကချင်ပြည်နယ်တွင် စစ်ဘေးကြောင့် ဒုက္ခရောက်သူထက် မူးယစ်ဆေးကြောင့် ဒုက္ခရောက်နေသူများနေသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ပြည်သူများနှင့် ပူးပေါင်းကာ လုပ်ဆောင်မည့် မူဝါဒချထားဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က ပြောကြားသည်။

ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဆိုပါက ကိုယ်စားလှယ်များအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ဘာသာရေးအသင်းအဖွဲ့၊ လူမှုအသင်းအဖွဲ့များကိုအားပေးခြင်း၊ ဘတ်ဂျက်ငွေတောင်းခံပေးခြင်း၊ ဥပဒေတွင် ပြင်ပနှင့်ကိုက်ညီမှုမရှိသည့် အချက်များကို ပြင်ဆင်ခြင်းများ ပြုလုပ်သွားရန်ရှိကြောင်း KSPP ပြောရေးဆိုခွင့်ရှိသူပါတီ ကိုယ်စားလှယ်လောင်းရှေ့နေ ဒေါ်ဒွဲဘူက ဆိုသည်။

၎င်းက “ကျွန်မတို့ပါတီရွေးကောက်ပွဲ စာတမ်းမှာ မူးယစ်ဆေးဝါးကိစ္စကို သီးခြားမူဝါဒနှစ်ခုထုတ်တာက ဒီပြဿနာက စစ်ဘေးကြောင့် ဒုက္ခတွေ့တဲ့လူထက် များနေတယ်။ မူးယစ်ဘေးကို စစ်ရှောင်လိုလုပ်ရင် တစ်ပြည်နယ်လုံး ခြံခတ်ရမယ့် အခြေအနေပါ။ ကျွန်မတို့ပါတီက ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်ပြီး အစိုးရတစ်ခုတည်း လုပ်လို့မရဘူးဆိုတာ သိတယ်။ အဓိက အကျိုးသက်ရောက်မှုဖြစ်တဲ့ အသင်းတော်၊ လူမှုအဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်းတွေက မူးယစ်ဆေးဝါးသုံးစွဲသူ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အားပေးမယ်။ အစိုးရဘက်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ မအောင်မြင်တာကြည့်ရင် ဒီလုပ်ငန်းကို တာဝန်တစ်ခုလို မဟုတ်ဘဲ စိတ်ရော၊ ကိုယ်ရော အားလုံးနှစ်ပြီး လုပ်နိုင်မှဆိုတာ တွေ့လာတယ်။ စခန်းတွေမှာ အောင်မြင်တာတောင်မှ မူးယစ်ဆေးဝါးသုံးစွဲသူက တကယ်စွန့်လွှတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်မှ အောင်မြင်တာတွေ တွေ့ရတယ်။ အဓိကတော့ အစိုးရဘတ်ဂျက်တွေ အကျိုးသက်ရောက်တဲ့ နေရာတွေမှာ ကူညီဖို့ တောင်းဆိုဖို့ရှိတယ်။ စိုက်ပျိုးထုတ်လုပ်တာက နယ်စပ်နဲ့ တနိုင်းဒေသတွေမှာ ရှိတယ်။ အစိုးရဖြစ်လာရင် လုပ်ရမှာက စိုက်ပျိုးထုတ်လုပ်တဲ့သူတွေနဲ့ တွေ့ဖို့ပဲ။ စီးပွားဖြစ် စိုက်ပျိုးမှုတွေကိုတော့ အမြဲတမ်း တိုက်ဖျက်ရမှာပါ။ စားဝတ်နေရေးအတွက်ဆိုရင် ရေရှည်မှာ ဘာတွေကို အစားထိုးရမလဲ။ ဘယ်တွေက အကျိုးသက်ရောက်မှုရှိမလဲ အဖြေရှာရမှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကဏ္ဍက ကျယ်ပြန့်လွန်းတော့ ပြည်သူတွေအများက ပူးပေါင်းလုပ်ဆောင်ကြရမှာပါ” ဟု ဆိုသည်။

 ကချင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံးပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်သည်။ ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ရုတ်တရက်မြင့်တက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ဘိန်းဖျက်ဆီးသည့် ဧကများလည်း နှစ်စဉ်တက်လာခဲ့ကြောင်းသိရပြီး ၂၀၁၂-၁၃ ခုနှစ် ဘိန်းစိုက်ရာသီတွင် ၆၁၈ ဧက၊ ၂၀၁၃-၁၄ ခုနှစ်တွင် ၄၉၂ ဧက၊၂၀၁၄- ၁၅ ခုနှစ်တွင် ၁၃၂၂ ဧက၊ ၂၀၁၅- ၁၆ ခုနှစ်တွင် ဘိန်းစိုက်ဧက ၃၈၀၇ ကျော်၊ ၂၀၁၆-၁၇ ခုနှစ်တွင် ၅၅ ဧကကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ ၂၀၁၈-၁၉ ခုနှစ်မှာ စိုက်ပျိုးမှုအနည်းဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent