ပိုလန်စစ်တုရင်သမား ဒူဒါကို အရေးနိမ့်ပြီး (၂)နှစ်ကျော်ကာလအတွင်း ပထမဆုံးရှုံးပွဲနှင့် ကမ္ဘာ့ချန်ပီယံ ကာလ်ဆန် ကြုံတွေ့

ပိုလန်စစ်တုရင်သမား ဒူဒါကို အရေးနိမ့်ပြီး (၂)နှစ်ကျော်ကာလအတွင်း ပထမဆုံးရှုံးပွဲနှင့် ကမ္ဘာ့ချန်ပီယံ ကာလ်ဆန် ကြုံတွေ့
Photos : Altibox Norway Chess 2020 Twitter
Photos : Altibox Norway Chess 2020 Twitter
Published 12 October 2020

ကမ္ဘာ့ချန်ပီယံ နော်ဝေစစ်တုရင်သမားဖြစ်သူ မက်ဂ်နပ်ကာလ်ဆန်သည် (၂)နှစ်ကျော်ကာလအတွင်း ပထမဆုံးရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းပြိုင်ပွဲမှာ နော် ဝေနိုင်ငံ၊ အော်စလိုမြို့တွင်ကျင်းပသည့် Altibox Norway Chess 2020 ပြိုင်ပွဲဖြစ်ပြီး Round 5 ပွဲစဉ်တွင် ကာလ်ဆန်မှာ ပိုလန်နိုင်ငံသား ကမ္ဘာ့အဆင့်(၁၅)ရှိ ဂရင်းမာစတာ ယန်းခရစ်တော့ဖ်ဒူဒါကို အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

ကာလ်ဆန်သည် ၂၀၁၈ ဇူလိုင်လ(၂၃)ရက်မှ သြဂုတ်လ(၁)ရက်အထိကျင်းပခဲ့သည့် (၅၁) ကြိမ်မြောက် Biel Grandmaster ပြိုင်ပွဲတွင် အဇာဘိုင်ဂျန်ဂရင်းမာစတာ မာမတ်ယာရော့ဗ်ကို အရေးနိမ့်ခဲ့ပြီးနောက် (၂)နှစ်၊ (၂)လနှင့် (၁၀)ရက်အကြာတွင် ရှုံးပွဲပြန်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ကာလ်ဆန်သည် အဆိုပါပွဲတွင် သူ၏ Bishop အရုပ်ကျသွားပြီးနောက် ပြိုင်ပွဲမှနုတ်ထွက်ကာ အရှုံးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒူဒါအတွက် အဆိုပါနိုင်ပွဲမှာ ယခုပြိုင်ပွဲအတွင်း တစ်ပွဲတည်းသောနိုင်ပွဲလည်းဖြစ်ခဲ့သည်။

''ဒီပွဲကို ကျွန်တော် အနိုင်ရဖို့ မမျှော်လင့်ခဲ့ပါဘူး။ အရမ်းပျော်ရွှင်ရပါတယ်''ဟု ဒူဒါက chess24.com သို့ ပြောကြားခဲ့သည်။  

ပွဲအပြီးတွင် သူ့ကိုယ်သူ မကြာခဏသုံးသပ်ပြလေ့ရှိသူ ကာလ်ဆန်က ယခုရှုံးပွဲအတွက် ဆင်ခြေမပေးလိုကြောင်း၊ စိတ်ပျက်စရာကောင်းပြီး ခွင့်လွှတ်နိုင်လောက်သည့် အမှားမျိုးမဟုတ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ကာလ်ဆန်သည် ၂၀၁၈၊ ဇူလိုင်လ (၃၁)ရက်က မာမတ်ယာရော့ဗ်ကို နောက်ဆုံးအရေးနိမ့်ပြီးနောက် ယခုပွဲမတိုင်မီကစားခဲ့သည့် (၁၂၄)ပွဲတွင် (၄၄)ပွဲနိုင်၊ (၈၁)ပွဲသရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို အောက်တိုဘာလ(၅)ရက်မှ စတင်ကျင်းပနေခြင်းဖြစ်ကာ လာမည့်အောက်တိုဘာလ(၁၆)ရက်အထိ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲဝင်စစ်တုရင်သမား(၆)ဦးကို ပတ်လည်နှစ်ကျော့ကစားစေကာ ပွဲစဉ်ပေါင်း(၁၀)ပွဲအထိ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပွဲစဉ်(၅)အပြီးတွင် အာမေးနီးယားစစ်တုရင်သမား အာရွန်နီယန်က အများဆုံးရနိုင်သည့်အမှတ်(၁၆)မှတ်ထဲမှ (၁၁)မှတ်အထိရရှိကာ အမှတ်ပေးဇယားကို ဦးဆောင်နေကာ အီရန်စစ်တုရင်သမား ဖီရူဂျာက (၁၀)မှတ်ဖြင့် ဒုတိယနေရာ၊ ကမ္ဘာ့ချန်ပီယံ မက်ဂ်နပ်ကာလ်ဆန်က (၉) မှတ်ဖြင့် တတိယနေရာများ၌ အသီးသီးရပ်တည် လျက်ရှိသည်။

 

Most Read

Most Recent