ကပ်ဘေးကြောင့် ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် နွေရာသီအပြောင်းအရွှေ့တွင် ရီးယဲလ်အသင်း ယူရိုသန်း (၂၀၀)ကျော် စုဆောင်းနိုင်ခဲ့

ကပ်ဘေးကြောင့် ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် နွေရာသီအပြောင်းအရွှေ့တွင် ရီးယဲလ်အသင်း ယူရိုသန်း (၂၀၀)ကျော် စုဆောင်းနိုင်ခဲ့
Photo: Marca
Photo: Marca
Published 8 October 2020

ရီးယဲလ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရင်ဆိုင်ရသည့် ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် နွေရာသီအပြောင်းအရွှေ့ကာလတွင် ယူရိုသန်း (၂၀၀)ကျော် စုဆောင်းနိုင်ခဲ့ကြောင်း စပိန်အားကစား သတင်းစာ Marca က ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းသည် အောက်တိုဘာ (၅)ရက်က အဆုံးသတ်ခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူခဲ့ခြင်း လုံးဝမရှိဘဲ အသင်းရှိ ကစားသမားများကို ရောင်းချခြင်း၊ အငှားချခြင်းများပြုလုပ်ခဲ့သောကြောင့် ဝင်ငွေများရရှိခဲ့သလို၊ အသင်း၏လစာငွေကို လျှော့ချနိုင်ခဲ့ကြောင်း သိရှိရသည်။

ရီးယဲလ်အသင်းသည် နွေရာသီအပြောင်းအရေ့ွှ့ကာလတွင် အသင်းကစားသမားများကို ရောင်းချခြင်း၊ အငှားချခြင်းတို့မှ ဝင်ငွေယူရိုသန်း (၁၂၀)ကျော်အထိရရှိခဲ့ပြီး အသင်း၏တစ်နှစ်လစာငွေကိုလည်း ယူရိုသန်း (၈၀)ကျော်အထိ လျှော့ချနိုင်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းကစားသမားများ (၁၅)ဦးကို ရောင်းချခြင်း၊ အငှားချခြင်းများပြုလုပ်ခဲ့ပြီး ယင်းထဲတွင် ဂါရတ်ဘေးလ်နှင့် ဟာမီးစ်ရိုဒရီဂွက်ဇ်တို့ ပါဝင်နေသည့်အတွက် အသင်း၏လစာငွေများကို လျှော့ချနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရီးယဲလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ယူရိုသန်း (၂၀၀)ကျော် စုဆောင်းနိုင်ခဲ့သည့်အတွက် ဘဏ္ဍာရေးကျပ်တည်းမှုကို များစွာသက်သာစေခဲ့ကြောင်း သိရသည်။

ရီးယဲလ်အသင်းအနေဖြင့် ယခုနွေရာသီတွင် ကစားသမားသစ်ခေါ်ယူခဲ့ခြင်းမရှိသော်လည်း ၂၀၂၁ နွေရာသီတွင် ထိပ်တန်းကစားသမားများခေါ်ယူဖွယ်ရှိနေကြောင်း Marca က ဖော်ပြခဲ့သည်။

Most Read

Most Recent