ပြင်သစ်အတွက် ပွဲ(၁၀၀)ပြည့်မြောက်သည့် (၈)ဦးမြောက်အဖြစ် ဂျရူး မှတ်တမ်းဝင်ခဲ့ပြီး အသင်းသမိုင်းတွင် ဒုတိယသွင်းဂိုးအများဆုံးဖြစ်လာ

ပြင်သစ်အတွက် ပွဲ(၁၀၀)ပြည့်မြောက်သည့် (၈)ဦးမြောက်အဖြစ် ဂျရူး မှတ်တမ်းဝင်ခဲ့ပြီး အသင်းသမိုင်းတွင် ဒုတိယသွင်းဂိုးအများဆုံးဖြစ်လာ
Published 8 October 2020

ပြင်သစ်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဂျရူးသည် ယူကရိန်းအသင်းအား (၇-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ပါဝင်ကစားပြီးနောက် အသင်းအတွက် ပွဲ(၁၀၀) ပြည့်မြောက်သည့် (၈)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစာရင်းတွင် ပလာတီနီကိုကျော်ကာ ဒုတိယနေရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အောက်တိုဘာ (၇)ရက်က ပြင်သစ်နိုင်ငံတွင်ကစားခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲ ပြင်သစ် (၇-၁) ယူကရိန်းပွဲတွင် ပါဝင်ကစားခဲ့သည့် ဂျရူးသည် လက်ရွေးစင်အသင်းအတွက် ပွဲ (၁၀၀)ပြည့်မြောက်ခဲ့ပြီး အသင်းသမိုင်းတွင် ပွဲ(၁၀၀)ပြည့်မြောက်သည့်  (၈)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဂျရူးသည် အဆိုပါပွဲစဉ်၏ ပွဲချိန် (၂၄) မိနစ်နှင့် ပွဲချိန် (၃၄)မိနစ်တို့တွင် ပြင်သစ်အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးကို သွင်းယူပေးခဲ့ရာ ၎င်း၏လက်ရွေးစင်ကစားသမားဘဝသွင်းဂိုးမှာ (၄၂)ဂိုးအထိ ရှိလာခဲ့သည်။ ထို့ကြောင့်  ဂျရူးသည် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းအများဆုံးစာရင်တွင် အသင်းဂန္ထဝင်ကစားသမား ပလာတီနီ (၄၁ ဂိုး)ကို ကျော်ကာ ဒုတိယမြောက်သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့သည်။

အသက် (၃၄)နှစ်အရွယ်ရှိ ချယ်လ်ဆီးတိုက်စစ်မှူး ဂျရူးသည် ပြင်သစ်အသင်းအတွက် ၂၀၁၁ ခုနှစ်၊ နိုဝင် ဘာလ (၁၁)ရက်တွင်ကစားခဲ့သည့် ခြေစမ်းပွဲ ပြင်သစ် (၁-၀) အမေရိကန်ပွဲတွင် ပွဲချိန် (၅၉)မိနစ်$ ဂါမဲရိုးအစား လူစားဝင်ရောက်ပြီး လက်ရွေးစင်ကစားသမားဘဝကို စတင်ခဲ့သူဖြစ်သည်။ ဂျရူးသည် ပြင်သစ်အသင်းအတွက် (၉)နှစ် တာကာလအတွင်း ဆက်တိုက်ကစားခွင့်ရရှိခဲ့ပြီး ယခုအခါ ပွဲ(၁၀၀) ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဂျရူးသည် ပြင်သစ်အသင်းအတွက် (၄၂)ဂိုးအထိ သွင်းယူထားရာ အသင်းသမိုင်းတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည့် အာဆင်နယ်တိုက် စစ်မှူးဟောင်း အွန်နရီ (၅၁ ဂိုး)၏စံချိန်ကို လိုက်မီရန်လည်း (၉)ဂိုးသာ လိုအပ်တော့သည်။ ဂျရူးသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်း ဗိုလ်စွဲရာ၌လည်း အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

■ ပြင်သစ်အတွက် ပွဲ(၁၀၀)နှင့်အထက် ကစားထားသူများ

အမည်        ကာလ        ပွဲ

သူရမ်        ၁၉၉၄-၂၀၀၈    ၁၄၂

အွန်နရီ        ၁၉၉၇-၂၀၁၀    ၁၂၃

ဒယ်ဆယ်လီ    ၁၉၉၃-၂၀၀၄    ၁၁၆

လိုရစ်        ၂၀၀၈- လက်ရှိ    ၁၁၆

ဇီဒန်း        ၁၉၉၄-၂၀၀၆    ၁၀၈

ဗီယာရာ        ၁၉၉၇-၂၀၀၉    ၁၀၇

ဒေးရွှမ့်        ၁၉၈၉-၂၀၀၀    ၁၀၃

ဂျရူး        ၂၀၁၁-လက်ရှိ    ၁၀၀

■ ပြင်သစ်အတွက် ဂိုးအများဆုံးသွင်းထားသူများ

အမည်        ကာလ        ဂိုး

အွန်နရီ        ၁၉၉၇-၂၀၁၀    ၅၁

ဂျရူး        ၂၀၁၁-လက်ရှိ    ၄၂

ပလာတီနီ        ၁၉၇၆-၁၉၈၇    ၄၁

ထရာဇီဂေး        ၁၉၉၈-၂၀၀၈    ၃၄

ဂရီးဇ်မန်း        ၂၀၁၄-လက်ရှိ    ၃၂

 

Most Read

Most Recent