COVID-19 ဒုတိယလှိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ ယခုလကုန်မှစပြီး အလုပ်သမားလျှော့ချခြင်း ယာယီပိတ်ခြင်းနှင့် အပြီးပိတ်သိမ်းမည့် စက်ရုံ ၂၂၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်
“စက်ရုံက ပိတ်သိမ်းဖို့ တင်ပြထားတာ ၂၂၃ ရုံရှိတယ်။ အဲဒါက ယာယီပိတ်တာရယ်၊ အပြီးပိတ်တာရယ်၊ လုပ်သားအင်အား လျှော့တာပါတယ်။ အပြည့်အဝပိတ်သိမ်းမယ့် စက်ရုံ ၅၃ ရုံ၊ အင်အားလျှော့စက်ရုံ ၁၄၆ရုံ၊ ကျန်တာကတော့ ယာယီပိတ်တာ။ အဲဒါတွေက ဒီလကုန်ပိတ်သိမ်းဖို့ တင်ပြထားတဲ့ စက်ရုံတွေ စာရင်းဖြစ်ပါတယ်” ဟု ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောကြားသည်
ယခုကဲ့သို့ လုပ်သားအင်အားလျှော့ချခံရသူများအား နေ့ချင်းပြီး အလုပ်သမားကတ်များကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး အခြားစက်ရုံများက လူခေါ်ပါက ဦးစားပေး လျှောက်ထားမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်
“လုပ်သားအင်အား အတိအကျပြောဖို့က နည်းနည်တော့ခက်တယ်။ ဒီနေ့ အလုပ်ကနေ ယာယီရပ်နား၊ ဒီအလုပ်မှာပြန်ဆင်းဖို့ အပြီးပိတ်သိမ်းလိုက်ပြီဆိုရင် လုပ်သားတွေက စားဝတ်နေရေးအတွက် ချက်ခြင်းအလုပ်ပြန်ရှာရတာဆိုတော့ ပြန်ပြီးအလုပ်ရသွားလို့ လည်ပတ်နေတာရှိတယ်။ လုပ်သားအင်အားက စာရင်းအရကြည့်မယ်ဆိုရင် လေးသောင်းကျော် ငါးသောင်းမှာရှိတယ်လို့ ပြောလို့ရပါတယ် ” ဟု ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောကြားသည်
COVID-19 ပထမလှိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ အပြီးပိတ်သိမ်းသည့် စက်ရုံ ၅၆ ရုံအပါအဝင် ယာယီပိတ်သိမ်းခြင်းနှင့် လုပ်သားအင်အား လျှော့ချသည့်စက်ရုံ ၁၇၃ ရုံရှိခဲ့ပြီး အလုပ်သမား ၄၁၃၉၅ ဦး အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က သြဂုတ် ၃၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောကြားထားသည်
ထို့ပြင် ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေပုဒ်မ ၈ (၁) အရ လုပ်ငန်းပိုင်ရှင်သည် အဆောက်အအုံ၌စတင်ပြီး လုပ်ငန်းလုပ်ခြင်း သို့မဟုတ် အဆောက်အအုံကို အသုံးမပြုမီ အနည်းဆုံး ၁၅ ရက်ကြိုတင်ကာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ ရုံစာနှင့်တကွ ပေးပို့ပြီး စက်ရုံစတင်ဖွင့်လှစ်မည့် ကာလများကို သတ်မှတ်ထားရှိပြီး ကတိကဝတ် အချက်များနှင့်စပ်လျဉ်း၍ မိမိတို့ဦးစီးဌာနမှ စည်းကြပ်ထားသည့်ဥပဒေတွင် ပါဝင်မှု မရှိသော်လည်း စက်ရုံအလုပ်ရုံများ စတင်ဖွင့်လှစ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများစတင်ပြီး လုပ်ကိုင်၍ အလုပ်တာဝန်များ ထမ်းဆောင်ချိန်မှစ၍ စက်ရုံအတွင်း၌ အလုပ်ရှင်နှင့် အလုပ်သမားအရေအတွက် အချိုးညီပါဝင်သော စက်ရုံတွင်း ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခြင်း၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသော အချက် ၂၁ ချက်ပါသည့် အလုပ်ခန့်ထားမှုဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်များ ချုပ်ဆိုပြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ သက်ဆိုင်ရာမြို့နယ်ရုံးများတွင် အတည်ပြုချက်ရယူပြီး ဆောင်ရွက်စေကြောင်း ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားထားသည်။
ယင်းအပြင် လုပ်ခလစာနှင့် လုပ်သက်ခွင့်ရက်များအတွက် ခံစားခွင့်ငွေကြေးများကို လတ်တလောတွင် ဖြစ်ပေါ်လာသည့် ၁၇၃ ရုံနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကြိုးခံစားခွင့်များကို အလုပ်ရှင်နှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လုပ်ခနစ်နာကြေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံး၊ မြို့နယ်ရုံးများအနေဖြင့် အလုပ်ရုံ၊ စက်ရုံပိတ်သိမ်းခြင်းများအား အလုပ်သမားများမှ ကျေနပ်မှုမရှိကြောင်း တိုင်ကြားလာပါက ၂၀၁၂ ခုနှစ်အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ အကျိုးစီးပွားဆိုင်ရာအငြင်းပွားမှုအဖြစ် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ စစ်ဆေးဆောင်ရွက်ပြီး၊ လုပ်သက်အလိုက်နစ်နာကြေးများ ရရှိရန် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောကြားထားသည်။















