တောင်ကြီးတွင် SNLD ပါတီ အောင်နိုင်ရေးဆိုင်းဘုတ်ကို လူငယ်တစ်စုက ဖျက်ဆီးလိုက်သည့်အပေါ် ခွင့်လွှတ်ပေးရန် လာရောက်တောင်းပန်သဖြင့် ပါတီက ကျေအေး

တောင်ကြီးတွင် SNLD ပါတီ အောင်နိုင်ရေးဆိုင်းဘုတ်ကို လူငယ်တစ်စုက ဖျက်ဆီးလိုက်သည့်အပေါ် ခွင့်လွှတ်ပေးရန် လာရောက်တောင်းပန်သဖြင့် ပါတီက ကျေအေး
Photo - စိုင်းခမ်းတီ
Photo - စိုင်းခမ်းတီ
Published 23 September 2020
 စည်သာ(တောင်ကြီး)

တောင်ကြီးမြို့နယ် ရွှေညောင်မြို့ သံတဲတိုက်နယ်တွင် SNLD ပါတီ အောင်နိုင်ရေးဆိုင်းဘုတ်ကို လူငယ်တစ်စုက ဖျက်ဆီးလိုက်သည့်အပေါ် ခွင့်လွှတ်ပေးရန် လာရောက်တောင်းပန်သဖြင့် ကျေအေးပေးခဲ့ရကြောင်း တောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့နယ် ရွှေညောင်မြို့ အနောက်မြောက်ဘက် သံတဲတိုက်နယ်အဝင်ရှိ SNLD ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်ကို စက်တင်ဘာ၂၂ ရက် ညပိုင်းတွင် လူငယ်တစ်စုက ဖျက်ဆီးခဲ့ခြင်းကြောင့် တာဝန်ရှိသူများက လိုက်လံစုံစမ်းကြည့်ရာ လူငယ်ငါးဦးက ကျူးလွန်ခဲ့ကြောင်း တောင်ကြီးမြို့နယ် SNLD ပါတီတွဲဖက်အတွင်းရေးမှူး ဦးစိုင်းခမ်းတီက ပြောကြားသည်။

“လူငယ်က ငါးယောက်ဗျ။ ကျွန်တော်အပေါ်ကို လှမ်းအကြောင်းကြားလိုက်တော့ လက်မှတ်ထိုးပေးမှာပေ့ါ။ မထိုးရသေးဘူးဆိုတာ အပြင်ရောက်နေလို့၊ မနက်က ဒီတိုင်းထိုးလိုက်တယ်။ အခု သူတို့ရွာရဲ့ ရာအိမ်မှူးတွေနဲ့ ထပ်ပြီးလုပ်ရမှာပေ့ါ။ သံတဲတိုက် နယ်အုပ်စု ကျေးရွာပေါင်း ၁၁ ရွာ ရှိတယ်။ ရွာအဝင် လမ်းဆုံမှာပေ့ါ။ အရက်သောက်တာ ညတိုင်းတော့မတွေ့ဘူးဗျ။ အရင်တုန်းက မရှိခဲ့ဘူး။ ဒါပထမဆုံးပေ့ါ။ ဒါကို ဝိုင်းဝန်းပြီး တားဆီးဖို့လိုမယ်လို့ ထင်ပါတယ်” ဟု ဦးစိုင်းခမ်းတီက ဆိုသည်။

အဆိုပါ လူငယ်အဖွဲ့သည် နောက်တစ်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းခမ်းတီထံ လာရောက်တောင်းပန်ခဲ့သဖြင့် ဦးစိုင်းခမ်းတီမှတဆင့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ထံသို့ ဆက်လက်တင်ပြခဲ့ရာ တောင်းပန်မှုကို လက်ခံခဲ့ပြီး ကျေအေးပေးခဲ့ရခြင်းဖြစ်သည်။

“မနေ့ည ၁၀ နာရီ ၄၅ မိနစ်အချိန်မှာ လူငယ်လေးတစ်စု ဖျက်ဆီးသွားတယ်ဆိုတာ လိုက်လံစုံစမ်းတော့ လူငယ်ငါးဦးပေါ့။ အရက်မူးနေတုန်း ဖျက်ဆီးလိုက်မိတယ်။ ခဲလုံးနဲ့ ပေါက်မိတာပေါ့။ ဒီနေ့မနက် တောင်းပန်သွားတာ။ နောက်တစ်ခါ မလုပ်တော့ဖို့ပဲ ခံဝန်ကတိပဲ ထိုးထားပြီး နားလည်မှုယူပြီး ခွင့်လွှတ်လိုက်တယ်လို့ ပြောပါတယ်။ တိုက်နယ်သား အချင်းချင်းဖြစ်နေတော့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကို မေးတော့လည်း မချဲ့တော့ဘဲ ဒီအချိန်မှာ ခွင့်လွှတ်ပေးရမှာပဲလို့ ဆုံးဖြတ်လိုက်တာပေ့ါ။ ဒီအရွယ်က မှားတတ်တာပဲလေနော်။ အဲဒီနေရာမှာ အသစ်ပြန်ကပ်ရင်ကပ်၊ အဆင်ပြေရင် တိပ်နဲ့ကပ်ထားဖို့ပေါ့။ သွားဖြစ်ရင် အသစ်ပြန်လဲပေးမယ် ပြောထားတယ်။ သံတဲတိုက်နယ် အဝင်နားမှာပေ့ါ။ ဆိုက်ကတော့ ၈ ပေ ၄ ပေ ဆိုက်ပေ့ါ။ ညီမတို့ကို အားပေးဝန်းရံတဲ့ ပြည်သူတွေရဲ့နေရာတွေပဲ ကပ်ပါတယ်။ အခုက တိုက်နယ်အစမှာ ကပ်ထားလို့ ဖြစ်ပါလိမ့်မယ်။ တစ်ချက်ပဲ ပေါက်တယ်လို့ ပြောတယ်။ ရည်ရွယ်ပြီး ပေါက်တာတော့ မဟုတ်နိုင်ဘဲ ဓာတ်ပုံအောက်နားပေါ့။ ရည်ရွယ်ချက်မရှိဘူး ယူဆပါတယ်” ဟု တောင်ကြီးမြို့နယ် SNLD ပါတီ အတွင်းရေးမှူး မနန်းယမင်းက ပြောကြားသည်။

အဆိုပါ လူငယ်ငါးဦးတွင် မောင်တင်ကိုထွေးသည် ဆိုင်းဘုတ်ကို ခဲဖြင့်ပေါက်သူဖြစ်ပြီး နောက်နောင် ကျူးလွန်မှုမရှိစေရေး ရပ်ကွက်ရာအိမ်မှူးများ ရှေ့မှောက်တွင် ကတိခံဝန်လက်မှတ်ရေးထိုးခြင်း ထပ်မံပြုလုပ်သွားရမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent