COVID-19 ရောဂါပိုးတွေ့ရှိသူ ဆရာဝန် ဆေးခန်းထိုင်သည့် ကျောက်တံတားမြို့နယ်ရှိ မူစလင် ကုသိုလ်ဖြစ် ဆေးရုံအား ခေတ္တပိတ်ထားပြီး ၄င်းနှင့် ထိတွေ့ခဲ့သူများအား Swab ယူထားကြောင်း အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။

အဆိုပါ ဆရာဝန်မှာ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ မူစလင်ကုသိုလ်ဖြစ် ဆေးရုံတွင် ဆေးခန်းလာထိုင်လေ့ ရှိကြောင်းနှင့် ၄င်းနှင့်ထိတွေ့ခဲ့သူ ၂၆ ဦးအား Quaratine ထားရှိထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ ပြောကြားချက်အရ သိရသည်။
“အဲ့ဆေးရုံက ဆရာဝန်က positive ဖြစ်တာတော့ ဟုတ်တယ်။ သူက ဆေးရုံမှာ လာထိုင်တယ်။ သူနဲ့ထိတွေ့ခဲ့တယ်ဆိုတဲ့ ၂၆ ယောက်ကို quaratine ထားထားတယ်။ အဲ့ထဲက အယောက် ၂၀ ကို စက်တင်ဘာ ၂၂ ရက်က swab ယူထားတယ်” ဟု ကျောက်တံတားမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။

အဆိုပါ ဆေးရုံအား Lockdown ချထားခြင်း မဟုတ်ဘဲ ဆေးရုံမှာ ယခင်တည်းက လူများပြားသဖြင့် COVID-19 ကာလတွင် ပိတ်ထားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“Lockdown ချတာ မဟုတ်ပါဘူး။ အဲ့ဆေးရုံက နဂိုတည်းက လူများတော့ ပိတ်ထားမယ်ဆိုပြီး စီစဉ်ထားတာပါ။ Lockdown ချထားတာမျိုး မဟုတ်ပါဘူး။ ပထမနေ့တည်းက ဆေးရုံက ပိတ်ထားတာ။ Lockdown ချစရာ ဆေးရုံထဲမှာလည်း လူမရှိပါဘူး” ဟု ကျောက်တံတားမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။















