တစ်နိုင်ငံလုံးရှိ အမြဲတမ်းဝန်ထမ်း တစ်သန်းကျော်အတွက် အတိုးမဲ့ချေးငွေ ကျပ် ၅၅၄ ဘီလျံကျော် ထုတ်ချေးပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တစ်နိုင်ငံလုံးရှိ အမြဲတမ်းဝန်ထမ်း တစ်သန်းကျော်အတွက် အတိုးမဲ့ချေးငွေ ကျပ် ၅၅၄ ဘီလျံကျော် ထုတ်ချေးပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 22 September 2020
အောင်မင်းသိန်း

တစ်နိုင်ငံလုံးရှိ အမြဲတမ်းဝန်ထမ်း တစ်သန်းကျော်အတွက် အတိုးမဲ့ချေးငွေ ကျပ် ၅၅၄ ဘီလျံကျော် ထုတ်ချေးပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတော်သမ္မတအိမ်တော် သတင်းထောက် Group တွင် အိမ်တော်သတင်းထောက်တစ်ဦးက မေးမြန်းထားသည့် နိုင်ငံ့ဝန်ထမ်းများအတွက် လစာနှစ်လစာ အတိုးမဲ့ထုတ်ချေးမည့် အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးဇော်ဌေးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ တစ်နိုင်ငံလုံး အမြဲတမ်းဝန်ထမ်း စုစုပေါင်း ၁၀၇၇၄၉၃ ဦးအတွက် ၅၅၄ ဒဿမ ၉၇၃ ဘီလျံကို ဆိုင်းငံ့ ခြောက်လ၊ ပြန်ဆပ်ကာလ တစ်နှစ်သတ်မှတ်ပြီး အောက်တိုဘာ ၁ ရက်နေ့ ထုတ်ချေးမှာ ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

သြဂုတ် ၃၁ ရက် ရက်စွဲဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဖြန့်ဝေထားသည့် အကြောင်းကြားစာတွင် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်းများ) ကို လစာ နှစ်လစာ ကြိုတင်ထုတ်ပေး၍ အတိုးမဲ့ ထုတ်ချေးနိုင်ရန်အတွက် လက်ရှိဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးဇော်ဌေးက “ ဘယ်သူ မချေးဘူး၊ ချေးတယ်ဆိုတာ အောက်တိုဘာ ၁ ရက် ထုတ်ချေးပြီးမှ သိရမှာပါ” ဟု ပြောကြားသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ပေးပို့ထားသည် အကြောင်းကြားစာတွင် “Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များကို လစာနှစ်လစာ ကြိုတင်ထုတ်ပေး၍ အတိုးမဲ့ချေးငွေဖြင့် ဆိုင်းငံ့ကာလ ခြောက်လ၊ ပြန်ဆပ်ကာလ တစ်နှစ် သတ်မှတ်၍ ထုတ်ချေးခြင်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များ၏ ရာထူးအလိုက် ဦးရေနှင့် အမှန်စာရင်းကို ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများသည် ရသုံးခန့်မှန်းခြေငွေစာရင်းဦးစီးဌာန (ရုံးချုပ်)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနအသီးသီးသို့ စက်တင်ဘာ ၄ ရက်နေ့တွင် နောက်ဆုံးထား၍ ပေးပို့ကြရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်” ဟု ဖော်ပြထားသည်။

တိုင်းဒေသကြီး/ ပြည်နယ် ရသုံးမှန်ခြေငွေစာရင်း ဦးစီးဌာနများအနေဖြင့် အဆိုပါစာရင်းများကို စုစည်းပေါင်းချုပ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူပြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ရုံးချုပ်) သို့ စက်တင်ဘာ ၉ ရက်နေ့ အရောက်ပေးပို့ရမည် ဖြစ်ကြောင်း၊ အမှန်တကယ် လိုအပ်ငွေများကို သက်ဆိုင်ရာဌာန၏ အဖွဲ့အစည်းများအလိုက် ၂၀၂၀-၂၀၂၀  ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့် စာရင်းများတွင် ရည်ညွှန်းပါစာအတိုင်း လျာထားရန် ဖြစ်ကြောင်းလည်း ဝန်ကြီးဌာန၏ အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

Most Read

Most Recent