တင်းကျပ်သည့် Stay at Home အစီအစဉ် ကြေညာပြီးနောက် ရန်ကုန်မြို့ရှိ လုပ်ငန်းအချို့ရပ်နားရန် ရှိနေသဖြင့့် စီးပွားရေးနှင့် စားဝတ်နေရေးအခက်အခဲများစွာ ကြုံတွေ့လာဖွယ်ရှိနေကြောင်း သိရသည်။
စက်တင်ဘာ ၂၁ ရက် နံနက် ၈ နာရီတွင် Stay at Home အစီအစဉ် စတင်ခဲ့ရာ ရန်ကုန်မြို့အတွင်း ဖွင့်လှစ်ရောင်းချ လုပ်ကိုင်နေသည့် ဆိုင်ခန်းများ၊ စီးပွားရေးလုပ်ငန်းအချို့ ပိတ်သိမ်းထားခဲ့သည်ကို တွေ့ရပြီးအချို့မှာ ဆက်လက် လုပ်ငန်းလုပ်ကိုင်လျက်ရှိသည်ကို တွေ့ရသည်။

ရန်ကုန်မြို့အတွင်းရှိ တည်ဆောက်ဆဲ ဆောက်လုပ်ရေး လုပ်ငန်းခွင်အချို့မှာလည်း နှစ်ပတ်ကြာ လုပ်ငန်းရပ်ဆိုင်းမည်ဟုသိရပြီး အဆိုပါအခြေအနေကြောင့် ယင်းလုပ်ငန်းများတွင် မှီခိုလုပ်ကိုင်နေရသည့် ဆောက်လုပ်ရေး လုပ်သားများ အပါအဝင် နေ့စားအလုပ်သမား များစွာတို့မှာ စားဝတ်နေရေး အခက်အခဲများစွာကို ရက်အနည်းငယ်အတွင်း ကြုံ တွေ့လာဖွယ်ရှိနေကြောင်း သိရသည်။
“ လုပ်ငန်းမှာ Construction အလုပ်သမား နေ့စားတွေပေါ့။ နှစ်ရာလောက်ရှိတယ်။ သူတို့ကို အလုပ်က နှစ်ပတ်ရပ်မယ်ဆိုတော့ နားခိုင်းလိုက်ရတယ်။ ဒီမှာက လုပ်ငန်းအပ်ပြီးရင် ဆောက်လုပ်ဖို့ အလုပ်သမား ငှားရမ်းတာတွေကိုက ကန်ထရိုက်သပ်သပ်ပေးပြီး လုပ်ခိုင်းတာပေါ့။ အဲဒီကန်ထရိုက်တွေက အလုပ်သမားတွေကို တစ်ခါတည်း ပုတ်ပြတ်ပေးထားတွေ ရှိပေမယ့် များသောအားဖြင့်ကတော့ နေ့စားအဖြစ်ပဲ ခေါ်ခိုင်းကြတာ များတယ်။ ဒီအတွက် အလုပ်က ရပ်လိုက်ရပြီဆိုရင် သူတို့မှာ ဝင်ငွေမရှိတော့ဘူး။ အရင်ပထမလှိုင်းတုန်းက သင်္ကြန်နဲ့ သွားတိုက်နေတော့ အလုပ်သမားတွေက နယ်ပြန်ကြတယ်။ အဲဒီတော့ သိပ်မသိသာလိုက်ဘူး။ အခုကတော့ နယ်လည်းပြန်လို့မရတော့ အလွန်ဆုံး တောင့်ခံနိုင်ရင် သုံးလေးရက်လောက်ပဲ ဖြစ်မယ်။ ရက်ကြာလာတာနဲ့အမျှ အခက်အခဲတွေ တအားများလာနိုင်တယ်။ နေ့စားတွေအတွက်က အလုပ်မလုပ်ရရင် ဝင်ငွေမရှိတော့ တော်တော်ကြီးကို အခက်အခဲ ဖြစ်သွားနိုုင်တယ်”ဟု ရန်ကုန်မြို့ရှိ နေ့စားအလုပ်သမား နှစ်ရာကျော် လုပ်ကိုင်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့အတွင်း ယခင်ကထက် အသွားအလာ နည်းပါးလျက်ရှိနေသဖြင့် အငှားယာဉ်မောင်းအလုပ် လုပ်ကိုင်သူများမှာလည်း ခရီးသည်ရှားပါးလာမှုကြောင့် စီးပွားရေး အခက်အခဲများကို ကြုံတွေ့နေရသည်ဟု သိရသည်။
“ မနက်ကတည်းက ကားထွက်လာတာ စျေးဦးက အခု ၁၂ နာရီကျော်ပြီ မပေါက်သေးဘူး။ ခရီးသည်က ရှာလို့ကို မရတာ။ ရောဂါတွေကလည်း ဖြစ်နေတယ်လေ။ အရင်ရက်တွေကမှ နည်းနည်းပါးပါး စျေးဦးလေးဘာလေး ပေါက်သေးတယ်။ အခု Stay at Home ဖြစ်သွားတော့ ရပ်ကွက်ကျော်တာတွေလည်း လုပ်မရတော့ ခရီးသည်တွေကလည်း မစီးတော့ဘူး ထင်ပါတယ်။ ဒီအတိုင်းကြာရင်တော့ မလွယ်ဘူး” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အငှားယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

အလားတူ Garb Taxi ယာဉ်မောင်းများ၏ ပြောကြားချက်အရ Stay At Home စတင်သည့်ရက်မှ စတင်ကာ ငှားရမ်းသည့် ခရီးသည်အရေအတွက်မှာ သိသာစွာ နည်းပါးသွားခဲ့သည်ဟုသိရပြီး ယင်းကြောင့် ၎င်းတို့အနေဖြင့်လည်း ပုံမှန်ဝင်ငွေရရှိရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ယင်းအပြင် Stay At Home အစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်များမှ စျေးများ၌ စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်း အရောင်းဆိုင်များမှ လွဲ၍ ကျန်စျေးဆိုင်များအား နှစ်ပတ်ကြာ ပိတ်သိမ်းထားရန် ညွှန်ကြားမှုများ ရှိနေသိရပြီး ယင်းကြောင့် ပိတ်သိမ်းရမည့် စျေးဆိုင်များမှာ ဝင်ငွေမရှိသည့် အခက်အခဲကြောင့် ရေရှည်စားဝတ်နေရေး ရပ်တည်မှုအတွက် အခက်အခဲများ ကြုံတွေ့လာဖွယ် ရှိနေသည်ဟု သိရသည်။
“ ဒီနေ့တော့ မပိတ်ရသေးဘူး။ မနက်ဖြန်ကစပြီး နှစ်ပတ်ပိတ်ရမယ်လို့ စျေးတာဝန်ရှိသူတွေက ကြေညာလိုက်တယ်။ အစားအသောက်တွေနဲ့ ဆေးရောင်းတဲ့ ဆိုင်တွေပဲ ဖွင့်ရမယ်လို့ ပြောတယ်။ တစ်ရက် နှစ်ရက် ပိတ်တာကတော့ အဆင်ပြေသေးတယ်။ ရက်ရှည် ပိတ်ထားရမယ်ဆိုရင်တော့ ဝင်ငွေမရှိတော့ ရပ်တည်ဖို့ အခက်အခဲတွေ ဖြစ်လာတော့မှာပဲ။ ဘယ်လို ရှေ့ဆက်ရမလဲ ဆိုတာတော့ အတော်ကြီး စဉ်းစားနေရတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏစျေးတွင် ဆိုင်ခန်းဖွင့်လှစ် ရောင်းချနေသူတစ်ဦးက ပြောကြားသည်။
COVID-19 အတည်ပြုလူနာ တွေ့ရှိမှု မြင့်တက်လာခဲ့သဖြင့် ယင်းအခြေအနေကို ထိန်းချုပ်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်မြို့နယ်များအားလုံး၌ Stay At Home အစီအစဉ်ဖြင့် နေထိုင်ရန် စက်တင်ဘာ ၂ဝရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ယင်းအမိန့်တွင် ဘဏ်ကဲ့သို့သော ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ ဆေးဝါး၊ စားသောက်ကုန်နှင့် ဆက်စပ်သည့် လုပ်ငန်းများစသည့် မဖြစ်မနေ လုပ်ကိုင်ရမည့် လုပ်ငန်းများမှလွဲ၍ ကျန်လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများသည် မိမိတို့နေအိမ်တွင်သာ နေထိုင်ခြင်း၊ နေအိမ်မှနေ၍ အလုပ်လုပ်ကိုင်ခြင်းများကိုသာ ခွင့်ပြုထားခဲ့ပြီး ယင်းအမိန့်ကို မလိုက်နာပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည် ဖြစ်ကြောင်း ဖော်ပြထားသည်။















