ရခိုင်ပြည်နယ် ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ တိုးလာသည့်အတွက် စားသောက်ရေးအပြင် နေထိုင်ရေး ခက်ခဲနေကြောင်း သိရ

ရခိုင်ပြည်နယ် ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ တိုးလာသည့်အတွက် စားသောက်ရေးအပြင် နေထိုင်ရေး ခက်ခဲနေကြောင်း သိရ
ရသေ့တောင်မြို့နယ် အတွင်းမှ ထွက်ပြေးနေကြသည့် ဒေသခံများအား တွေ့ရစဉ် (ဓာတ်ပုံ- ဘက္ကာ)
ရသေ့တောင်မြို့နယ် အတွင်းမှ ထွက်ပြေးနေကြသည့် ဒေသခံများအား တွေ့ရစဉ် (ဓာတ်ပုံ- ဘက္ကာ)
Published 22 September 2020

ရခိုင်ပြည်နယ်အတွင်း ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ တိုးလာသည့် အတွက် စားသောက်ရေးအပြင် နေထိုင်ရေးပါ ခက်ခဲနေကြောင်း သိရှိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းများကြောင့် နေရပ်ခွာ ထွက်ပြေးနေကြရခြင်းဖြစ်ကာ အထူးသဖြင့် မြစ်ကမ်းနှင့်နီးသော ကျေးရွာများမှာလည်း လက်နက်ကြီး ထိမှန်ပြီး သေဆုံးထိခိုက်မှု များပြားလာသည့်အတွက် ထိုသို့ထွက်ပြေး နေကြရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ်မှ လူမှုကူညီရေးလုပ်ငန်း လုပ်ဆောင်နေသည့် ကိုဘက္ကာက “ဒီလထဲမှာ ထောင်နဲ့ ချီပြီး ဒေသခံတွေ ဘေးလွတ်ရာသို့ ရှောင်တိမ်းထွက်ပြေးကြတယ်။ အထူးဖြင့်တော့ မြစ်နားကမ်းနားက ကျေးရွာတွေများတယ်။ သူတို့ကို လက်နက်ကြီးတွေနဲ့ ရွာကိုပစ်ခတ်ခံရတော့ ကြောက်လန့်ပြီး ထွက်ပြေးရတာဖြစ်တယ်။ နေ့တိုင်းလို အပစ်ခံနေရတော့ ကြောက်တာပေါ့နော်။ တချို့က မြို့ပေါ်ကို မရောက်နိုင်ဘဲ သင့်တော်တဲ့ ကျေးရွာတွေကို ဝင်ခိုကြတယ်။ဘုန်းတော်ကြီး ကျောင်းတွေမှာ စုပုံပြီး နေထိုင်ကြရတော့ ကျန်းမာရေး ထိခိုက်မှာကိုလည်း စိုးရိမ်ရတယ်ပေါ့လေ။ အစားအသောက်ကတော့ ငတ်တလှည့် ပြတ်တလှည့်ပေါ့။ ဖြစ်သလို ရုန်းကန်နေကြရတယ်” ဟု ပြောကြားသည်။

ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၂၀ ကျော်ရှိနေပြီး နောက်ထပ် ရောက်ရှိလာသူများကို ထားရန်အတွက် နေရာအခက်အခဲများကိုလည်း ရင်ဆိုင်နေကြရကြောင်း၊ ကိုဗစ်ရောဂါပိုး ပျ့ံနှံ့နေသည့်အတွက် အလှူရှင်များ၊ ကူညီထောက်ပံ့သူများလည်း မလာရောက်နိုင်သဖြင့် ပိုမိုအခက်အခဲ ဖြစ်နေရကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။

ထို့အပြင် ကျောက်တော်မြို့နယ် အတွင်းမှာလည်း ကျေးရွားများ မီးရှို့ခံရမှုများ၊ ရွာထဲသို့ နက်လက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုများကြောင့် ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း၊ ယင်းအထဲတွင် မဟာမုနိဘုရား ရင်ပြင်တွင်လည်း လာရောက်စုရုံး နေထိုင်ခိုလှုံကြသည့် ဒေသခံများမှာလည်း စားသောက်ရေး ခက်ခဲနေကြကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။

ယင်းနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဓမတ်လတုန်းကလည်း တစ်ဖြတ်ထွက်ပြေး ကြတာရှိတယ်။ အဲဒီနောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်ကြသူ တွေကလည်း အများကြီးပေါ့။ အခုတစ်လောက တစ်ခါထပ်ပြီး ကျေးရွာနှစ်ရွာက နေအိမ် ၁၄၀ ကျော်လောက်ကို မီးရှို့ခံရတယ်။ သေနတ်နဲ့ ပစ်သတ်ခံရတယ်။ ပြင်းပြင်းထန်ထန် စစ်ဆေးခံရတာတွေ ရှိခဲ့တော့ ရွာပေါင်းမြောက်မြားစွာ ထွက်ပြေးနေကြရတာရှိတယ်။ ဖြစ်လိုနေကြရတယ်။ ဘာသာရေး အဆောက်အအုံတွေမှာ စုပုံပြီး နေထိုင်ကြရတာရှိတယ်။ ကျောက်တော်ရဲ့ မြောက်ဘက်နဲ့ တောင်ဘက်ခြမ်းမှာ ဖြစ်နေတာပေါ့။ ဒါကြောင့် အခက်အခဲက အများကြီးရှိတယ်။ ပြောလို့မဆုံးနိုင်အောင် အခက်အခဲရှိတယ်။ ဘာပဲဖြစ်ဖြစ် တစ်ယောက် ဒုက္ခရောက်ရင် နောက်တစ်ယောက်က ကူညီကြတဲ့ ဓလေ့အစဉ်အလာတွေကြောင့် ဒေသခံတွေက ကူညီဖေးမမှုနဲ့ ထမင်းတော့ စားလို့ရတယ်။ ကျန်းမာရေး ဘက်မှာတော့ ဖြစ်လာမှာကို စိုးရိမ်ရတာပေါ့။ မဟာမုနိဘုရားက ဓမ္မာရုံမှာ ဆိုရင်လည်း ပြည့်သိပ်နေတယ်။ လူကိုးရာ နီးပါးလောက်ရှိတယ်။ တခြားရွာတွေမှာလည်း အများကြီးပေါ့။ မြို့ကို မရောက်နိုင်ဘဲ ဖြစ်သလို နေထိုင်ကြရတဲ့ စစ်ဘေးသင့် ပြည်သူတွေ အများကြီး ရှိနေပါတယ်။ အခက်အခဲ အများကြီး ရင်ဆိုင်နေကြရတယ်” ဟု ပြောကြားခဲ့သည်။

ယခုလအတွင်း စစ်ဘေးရှောင်များ တိုးလာခြင်းသည် ယခင်စစ်ဘေးရှောင်များထက် နေရာထိုင်ခင်း အခက်အခဲများနှင့် စားသောက်ရေး အခက်အခဲများကို ရင်ဆိုင်ကြရပြီး ကိုဗစ်ရောဂါကြောင့်လည်း စိုးရိမ်ထိတ်လန့် နေကြရကြောင်းလည်း ဒေသခံများက ပြောကြားသည်။

စာရင်းများအရ စစ်ဘေးရှောင်ဦးရေ ၂၆၀၀၀ ခန့်တိုးလာခဲ့ကြောင်းနှင့် ယခင်လ စာရင်းများအရ စစ်ဘေးရှောင်ဦးရေ ၁၉၀၀၀၀ ခန့်ရှိကြောင်း သိရှိရသည်။

Most Read

Most Recent