ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အား/ကာသိပ္ပံ၊ ကျိုက္ကဆံကွင်းနှင့် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံဝင်းအတွင်းရှိ မြေနေရာများတွင် ကျန်းမာရေးဌာန၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်မည်

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အား/ကာသိပ္ပံ၊ ကျိုက္ကဆံကွင်းနှင့် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံဝင်းအတွင်းရှိ မြေနေရာများတွင် ကျန်းမာရေးဌာန၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်မည်
Published 26 December 2017

တည်ဆောက်ပြီးစီးထားသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာတစ်ခုအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝင်းအတွင်းရှိ မြေနေရာ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ကျိုက္ကဆံကွင်းဝင်းအတွင်းရှိ မြေနေရာနှင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကု ဆေးရုံကြီးဝင်းအတွင်းရှိ မြေနေရာများတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၄ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာများတည်ဆောက်မည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝင်းအတွင်းရှိ မြေနေရာ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ကျိုက္ကဆံကွင်းဝင်းအတွင်းရှိ မြေနေရာနှင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီးဝင်းအတွင်းရှိ မြေနေရာများအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ အိမ်ငှားနေရခြင်းဖြင့် ငွေကြေးကုန်ကျမှုများပြား၍ လစာစုဆောင်းရရှိမှုနည်းပါးခြင်း၊ ဝန်ထမ်းအိမ်ရာများတွင် တစုတစည်းတည်း နေထိုင်ခြင်းအားဖြင့် လုံခြုံရေးကောင်းမွန်ပြီး ရင်းနှီးသောမိတ်ဆွေအသိုင်းအဝိုင်း ပတ်ဝန်းကျင်တွင်နေထိုင်ရခြင်း စသည်တို့ကြောင့် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနအနေဖြင့် မဖြစ်မနေ အသစ်တည်ဆောက်ရမည့် ဆေးရုံ၊ ဆေးခန်းနှင့် လက်ရှိဆောက်လုပ်ဆဲဆေးရုံ၊ ဆေးခန်းများမှလွဲ၍ ဆေးရုံအသစ်ဆောက်လုပ်ခြင်းကို တစ်နှစ်တာရပ်နားမည်ဖြစ်ပြီး ပိုလျှံသောရန်ပုံငွေကို ဝန်ထမ်းအိမ်ရာများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဦးစီးဌာနအသီးသီးရှိ ဝန်ထမ်းများအတွက် ဦးစားပေးအစီအစဉ်ဖြင့် ထပ်မံတိုးချဲ့ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဦးစီးဌာနအသီးသီးရှိ ဝန်ထမ်းများအတွက် ဆောက်လုပ်ရန်လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာစာရင်းကို ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ဦးစားပေးအစီအစဉ်ဖြင့် တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများမှတစ်ဆင့် ဒီဇင်ဘာ ၃ ရက်က တောင်းခံထားပြီးဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေကျပ်ဘီလျံ ၁၀၀၀ ကျော်ရရှိထားကြောင်းနှင့် ဝန်ကြီးဌာန၏ ဘဏ္ဍာနှစ်အလိုက်ရန်ပုံငွေရရှိမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၈၆၅၈၂ ဒသမ ၈၇၁ သန်း (ကျပ် ၈၆ ဘီလျံကျော်)၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၄၉၆၃၀ ဒသမ ၉၆၇ သန်း (ကျပ် ၃၄၉ ဘီလျံကျော်)၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၈၅၂၆၃ ဒသမ ၂၉၈ သန်း (ကျပ် ၄၈၅ ဘီလျံကျော်)၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၇၀၈၉၄၉ ဒသမ ၀၀၆ သန်း (ကျပ် ၇၀၈ ဘီလျံကျော်)၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၈၄၅၅၅၃ ဒသမ ၃၆၂ သန်း (ကျပ် ၈၄၅ ဘီလျံကျော်)၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၈၅၀၆၄၄ ဒသမ ၇၀၆ သန်း (ကျပ် ၈၅၀ ဘီလျံကျော်) တို့ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent