မုံရွာမြို့တွင် ဘေးတွဲဆိုင်ကယ်နှစ်ရာခန့်က NLD ပါတီ အောင်နိုင်ရေးအတွက် မြို့တွင်းလှည့်လည် မဲဆွယ်စည်းရုံးမှု ပြုလုပ်

မုံရွာမြို့တွင် ဘေးတွဲဆိုင်ကယ်နှစ်ရာခန့်က NLD ပါတီ အောင်နိုင်ရေးအတွက် မြို့တွင်းလှည့်လည် မဲဆွယ်စည်းရုံးမှု ပြုလုပ်
Photo- ကောင်းခန့်လင်း(မုံရွာ)
Photo- ကောင်းခန့်လင်း(မုံရွာ)
Published 16 September 2020
ကောင်းခန့်လင်း(မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တွင် ယနေ့ (စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းက ဘေးတွဲဆိုင်ကယ်အစီးရေ နှစ်ရာနီးပါးခန့်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အောင်နိုင်ရေးအတွက် မြို့တွင်းလှည့်လည် မဲဆွယ်စည်းရုံးခဲ့ကြကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အနှေးယာဉ်နှင့် စက်တပ်ယာဉ်လုပ်သားများ ပရဟိတအဖွဲ့ ဥက္ကဌ ဦးအောင်မြင့်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဘေးတွဲဆိုင်ကယ် ယာဉ်ပိုင်ရှင်များသည် NLD ပါတီ၏ တံဆိပ်ပါအကျီများ၊ အုပ်ထုတ်များ ဝတ်ဆင်၍ ပါတီအလံများ ကိုင်ဆောင်ကာ မြို့တွင်းလှည့်လှည် စည်းရုံးခဲ့ကြပြီး မဲဆွယ်စည်းရုံးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့တာပါ။ အခုချိန်က အောင်နိုင်ရေးကာလဖြစ်တယ်။ အောင်နိုင်ရေးအတွက် လှည့်တာပါ။ သုံးဘီး(ဘေးတွဲဆိုင်ကယ်) အစီးရေကတော့ နှစ်ရာနီးပါးလောက်တော့ ရှိမယ်ထင်တယ်။ လူဦးရေကလည်း ဘေးကလိုက်တာကောဆိုရင် နှစ်ရာ့ငါးဆယ်လောက် ရှိတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အနှေးယာဉ်နှင့် စက်တပ်ယာဉ်လုပ်သားများ ပရဟိတအဖွဲ့ ဥက္ကဌ ဦးအောင်မြင့်က ပြောကြားသည်။

ထို့အပြင် ဘေးတွဲဆိုင်ကယ် အစီးရေ နှစ်ရာနီးပါးခန့်က NLD ပါတီ အောင်နိုင်ရေးအတွက် မုံရွာမြို့ ကြောင်ပန်းကျောင်းကနေစတင်ကာ ပြည်ထောင်စုလမ်း၊ ကျောက္ကာလမ်း၊ မိုးကောင်းဘုရားလမ်း၊ သာစည်လမ်း၊ အောင်ချမ်းသာ၊ ဗိုလ်ချုပ်လမ်း စသည့်လမ်းများကို အောင်နိုင်ရေးအတွက် လှည့်လည်မဲဆွယ်ခဲ့ကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မိဘပြည်သူ ညီအစ်ကိုယ်မောင်နှမများအနေဖြင့် NLD အောင်နိုင်ရေး ပြုမှုဆောင်ရွက်ရာတွင် ကိုဗစ်ကပ်ရောဂါ ကာလဖြစ်နေပါသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက် စည်းကမ်းချက်များနှင့်အညီ အသိ၊ သတိရှိစွာ သွားလာဆောင်ရွက် လှုံဆော်စည်းရုံးမှုများ ဆောင်ရွက်ကြရန် မုံရွာမြို့နယ် NLD ပါတီက စက်တင်ဘာ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent