၂၀၂၀ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို နိုင်လိုကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၂၀၂၀ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို နိုင်လိုကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 16 September 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် သောင်ပြိုကမ်းပြို နိုင်လိုကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများ၊ ထောက်ခံအားပေးသူများသို့ COVID-19 ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ ပန်ကြားချက်ကို NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အသုံးပြုနေသည့် Chair NLD Facebook Page က စက်တင်ဘာ ၁၅ ရက်တွင် ဗွီဒီယိုဖိုင် လွှင့်တင်ခဲ့ပြီး အဆိုပါ ဗွီဒီယိုဖိုင်တွင် NLD ပါတီ ဥက္ကဋ္ဌက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ဟာ ရွေးကောက်ပွဲမှာ NLD က သောင်ပြိုကမ်းပြို နိုင်ချင်ပါတယ်။ ပြည်သူကနေပြီးတော့ NLD သောင်ပြိုကမ်းပြိုနိုင်အောင်လို့ သွားပြီးတော့ မဲပေးဖို့ဟာ အဲဒါ နံပါတ်တစ်ပါ။ ဒီဟာ အရေးအကြီးဆုံးပါပဲ” ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် အင်အားမွေးရမည်ဖြစ်ပြီး ကျန်းမာအောင် နေထိုင်ရမည် ဖြစ်ကြောင်း၊ ဆန္ဒမဲပေးနိုင်ရေးအတွက် စုစည်းသော စိတ်ဓာတ်များ ရှိရမည်ဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ စုစည်းမှု မဟုတ်ကြောင်းနှင့် နှလုံးသားပိုင်းဆိုင်ရာ စုစည်းမှုဖြစ်ကြောင်း NLD ပါတီဥက္ကဋ္ဌက ပြောကြားသည်။

“အဲဒီတော့ ၈ ရက်နေ့ နိုဝင်ဘာမှာ NLD သောင်ပြိုကမ်းပြို နိုင်အောင်လို့ မဲပေးပြီးတဲ့ အချိန်မှာ ကျွန်မတို့ဟာ အောင်ပွဲခံဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ကျွန်မတို့ အောင်ပွဲဆိုတာ COVID ကိုလည်း အောင်အောင် လုပ်ရပါမယ်” ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် COVID-19 ရောဂါ အောင်နိုင်ရေးအတွက် ရောဂါပြန့်ပွားမှုကို ရပ်တန့်အောင် ထိန်းချုပ်ရမည်ဖြစ်ပြီး လက်ရှိတွင်မူ ရောဂါပိုး ကူးစက်မှုသည် ယခင်လများနှင့် နှိုင်းယှဉ်ပါက ၁၀ ဆခန့် မြင့်တက်သွားကြောင်း NLD ပါတီဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

“ဒီ COVID ရောဂါကို တကယ့်ကို အောင်နိုင်ပြီဆိုတာ ဘယ်အချိန်မှာ ဖြစ်မလဲဆိုရင် ကျွန်မတို့ ကာကွယ်ဆေး ပေါ်လာတဲ့အချိန်၊ ကာကွယ်ဆေးကို ကျွန်မတို့ ပြည်သူတွေကြား ကျယ်ကျယ်ပြန့်ပြန့် ကျွန်မတို့ ဖြန့်ပေးနိုင်တဲ့ အချိန်ပေါ့နော်။ ပြည်သူတွေကို ကာကွယ်ဆေး ထိုးပေးနိုင်တဲ့အချိန်၊ အဲဒီအချိန် ဆိုလို့ရှိရင် ကျွန်မတို့ COVID ရောဂါကို နိုင်ပြီလို့ ကျွန်မတို့ ပြောလို့ ရပါတယ်” ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်သူများအနေဖြင့် COVID-19 ရောဂါ ကူးစက်မှု မခံရစေရန်၊ မပြန့်ပွားစေရန်အတွက် စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ NLD ပါတီကို စည်းမျဉ်းစည်းကမ်း ဘောင်အတွင်းမှ မည်သို့သော နည်းလမ်းဖြင့် ထောက်ခံကြမည်ဆိုသည့် နည်းလမ်းများကို စဉ်းစားကြရန်လည်း NLD ပါတီဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။

“စဉ်းစားပြီးတော့ အားလုံးဝိုင်းပြီးတော့ ကျွန်မတို့ ၈ ရက်နေ့ နိုဝင်ဘာမှာ အုံနဲ့ကျင်းနဲ့ မဲပေးပြီး NLD  အောင်နိုင်ဖို့အတွက် ကြိုးစားပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု NLD ပါတီ ဥက္ကဋ္ဌက ပြောကြားသည်။

NLD ပါတီကို ထောက်ခံကြောင်း ပြသူများအနေဖြင့် COVID-19 ရောဂါ မပြန့်ပွားရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း ဘောင်အတွင်းဝင်ရန် အလွန်ပင် အရေးကြီးကြောင်းလည်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။  

Most Read

Most Recent