အများပြည်သူ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရေးကို ရှေးရှု၍ ရွေးကောက်ပွဲရက် သတ်မှတ်မှုကို ပြန်လည် သုံးသပ်သင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီ အပါအဝင် ၂၄ ပါတီက ရွေး/ကော်သို့ အိတ်ဖွင့်ပေးစာပို့

အများပြည်သူ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရေးကို ရှေးရှု၍ ရွေးကောက်ပွဲရက် သတ်မှတ်မှုကို ပြန်လည် သုံးသပ်သင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီ အပါအဝင် ၂၄ ပါတီက ရွေး/ကော်သို့ အိတ်ဖွင့်ပေးစာပို့
Published 16 September 2020
  ကြည်နိုင်

အများပြည်သူ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရေးကို ရှေးရှု၍ ရွေးကောက်ပွဲရက် သတ်မှတ်မှုကို ပြန်လည် သုံးသပ်သင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီ အပါအဝင် ၂၄ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်သို့ အိတ်ဖွင့်ပေးစာပို့ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက စက်တင်ဘာ ၁၅ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပရန် သတ်မှတ် ဆောင်ရွက်ထားသည်။

COVID-19 ရောဂါသည် သြဂုတ် ၁၆ ရက်မှစတင်၍ ဒုတိယလှိုင်းကာလတွင် ကူးစက်မှုမြန်လာရာ နေ့စဉ်ကူးစက်မှု လူနာရာကျော်ရှိနေပြီ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကပ်ရောဂါကူးစက်မှု အလျင်အမြန် ပျံ့နှံ့လာသည့်အချိန်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်နှင့် စုဝေးဟောပြောခွင့်ကို လွတ်လပ်၍ တရားမျှတမှုရှိစေရန် စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၁၁ ရက်ထိ ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနည်းလမ်းများ အပါအဝင် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရမည်ဖြစ်ပြီး ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာအကာ အမြဲတပ်ဆင်ခြင်း၊ လက်သန့်ဆေးရည် အသုံးပြုခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေစီကွာ နေထိုင်ရန်တို့ကိုလည်း လိုအပ်မည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မဲဆွယ်ရာတွင် မဲဆန္ဒရှင်များသည် မိမိတို့ သဘောကျနှစ်သက်သည့် ပါတီ၏ မဲဆွယ်စည်းရုံးမှုတွင် စိတ်ဆန္ဒအလျောက် ပါဝင်လှုပ်ရှားကြရာ၌ အထက်ပါ စည်းမျဉ်းစည်းကမ်းများကို သတိမပြုမိဘဲ စိတ်အမှတ်မဲ့ ကျူးလွန်မိခြင်းများ ဆောင်ရွက်နေကြောင်း တွေ့မြင်ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထုတ်ပြန်ထားသည့် စည်းကမ်းများကို ပါတီအဖွဲ့အစည်းများ အနေဖြင့် လိုက်နာရမည် ဖြစ်သော်လည်း မဲဆန္ဒရှင်များ၏ စိတ်အားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်လာမှုကြောင့် မထင်မှတ်သည့် လူစုလူဝေးဖြစ်ကာ သတ်မှတ်ထားသည့် စည်းကမ်းများကို ဖောက်ဖျက်သကဲ့သို့ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်ရသည်ဟု  အဆိုပါ ၂၄ ပါတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ ရွေးကောက်ပွဲ ကျင်းပမည့် နေရက်တွင်လည်း သတ်မှတ်ထားသည့် အချိန်ကာလအတွင်း Social Distancing အရ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်အားလုံး မဲပေးနိုင်မည့် အခွင့်အလမ်းနှင့် အနေအထား ရှိ၊ မရှိ ကိုလည်း အလေးအနက် ထည့်သွင်းစဉ်စားရန် လိုအပ်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုဝင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲ ကျင်းပရန် သတ်မှတ်ဆောင်ရွက်မှုကို ပြန်လည်သုံးသပ်သင့်ကြောင်း တင်ပြအပ်ကြောင်း ဆက်လက် ဖော်ပြထားသည်။        

Most Read

Most Recent