မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး အသက် ၇၃ နှစ်အရွယ်တွင် ကွယ်လွန်

မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး အသက် ၇၃ နှစ်အရွယ်တွင် ကွယ်လွန်
Photo - JMC
Photo - JMC
Published 15 September 2020
ဘိုဘိုမြင့်

မွန်ညီညွတ်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါက်တာမင်းနွယ်စိုးသည် စက်တင်ဘာ ၁၄ ရက် ညပိုင်းက ၎င်းနေထိုင်ရာ မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာနေအိမ်တွင် ကွယ်လွန်သွားကြောင်း မွန်ညီညွတ်ရေးပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

"ဒေါက်တာမင်းနွယ်စိုး က လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက လည်ပင်းမှာ အရိုးကြီးဖောင်းပြီး အာရုံကြောထိခိုက်သွားတဲ့ သဘောဖြစ်သွားပြီးတော့ လမ်းကောင်းကောင်းမလျှောက်နိုင်တော့ဘူး။ အခုက လူကြီးရောဂါနဲ့ဆုံးသွားတယ်လို့ပြောလို့ရပါတယ်။ သူ့ကို ဒီနေ့(စက်တင်ဘာ ၁၅ ရက်)ညနေမှာဘဲ သူ့ရွာက သုဿန်မှာ သင်္ဂြိုလ်လိုက်ပါတယ်" ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းအရေးမှူး (၂)  နိုင်စံတင်က ပြောကြားသည်။

လက်ရှိ မွန်ညီညွတ်ရေးပါတီ အနေဖြင့် ၎င်း၏တာဝန်ဖြစ်သော အထွေထွေ အတွင်းရေးမှူးနေရာတွင် အစားထိုးဦးမည် မဟုတ်ဘဲ တွဲဖက်အတွင်းအရေးမှူး (၁) နှင့် (၂) တို့က ဆက်လက်တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအပြီး ပါတီညီလာခံ ကျင်းပပြီးမှသာလျှင် ပါတီဗဟိုကော်မတီအသစ် ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း နိုင်စံတင်က ဆိုသည်။

"ဒေါက်တာမင်းနွယ်စိုးနဲ့ ပတ်သက်ပြီးတော့ အမှတ်တရတွေက အများကြီးပါ။ သူကိစ္စတစ်ခုကို တာဝန်ယူပြီးရင် တာဝန်ကျေအောင် လုပ်တတ်တယ်။ တာဝန်ယူရဲတယ်။ တာဝန်ခံမှုလည်းရှိတယ်။ မွန်ဝတ်စုံတို့၊ မွန်ပြက္ခဒိန်တို့ ဆိုတာက သူတို့တက္ကသိုလ် ကျောင်းသားဘဝက စလုပ်ခဲ့ကြတာ။ နောက်တစ်ခါ နွေရာသီမွန်စာပေနှင့် ယဉ်ကျေးမှု သင်တန်းတွေ ဖွင့်လှစ်နိုင်အောင် သူကဘဲ စလုပ်ခဲ့တာပါ။ သူလုပ်ဆောင်ခဲ့တဲ့ အရာတွေက အများကြီးပါ" ဟု နိုင်စံတင် က ပြောကြားသည်။

ဒေါက်တာမင်းနွယ်စိုးသည် ယခင်သမ္မတ  ဦးသိန်းစိန် အစိုးရလက်ထက် မွန်ပြည်နယ်အစိုးရအဖွဲ့၌ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးအဖြစ် (ထိုစဉ်က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားပြု၍) တာဝန်ယူခဲ့သူဖြစ်ဦး မွန်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုနှင့် မွန်စာပေ ဖွံ့ဖြိုးရေး ကဏ္ဍများတွင် နှစ်ပေါင်းများစွာ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့်အပြင်၊ ဘီးလင်းမြို့နယ်အတွင်း သုဝဏ္ဏဘူမိ ရှေးဟောင်းသုသေတန လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်းနှင့် ၎င်းကွယ်လွန်ချိန်တွင် အသက် (၇၃) နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒေါက်တာမင်းနွယ်စိုးသည် မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S/မွန်) ၏ ကော်မတီဝင် အရပ်သားကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။

Most Read

Most Recent