အောင်သူနှင့်ပတ်သက်သော ကောလာဟလများမှာ မဟုတ်မှန်ဘဲ ရတနာပုံအသင်း၌သာ ဆက်ရှိသွားမည့်ကစားသမားဟု အသင်းတာဝန်ရှိသူ တုံ့ပြန်

အောင်သူနှင့်ပတ်သက်သော ကောလာဟလများမှာ မဟုတ်မှန်ဘဲ ရတနာပုံအသင်း၌သာ ဆက်ရှိသွားမည့်ကစားသမားဟု အသင်းတာဝန်ရှိသူ တုံ့ပြန်
Photos : Yadanarbon Football Club
Photos : Yadanarbon Football Club
Published 15 September 2020

အောင်သူအနေဖြင့် ရတနာပုံအသင်း နှင့် လမ်းခွဲတော့မည်ဟု သတင်းများထွက်ပေါ်နေခြင်းမှာ ကောလာဟလများသာဖြစ်ပြီး အဓိကကစားသမားအနေဖြင့် ရတနာပုံအသင်း၌သာ ဆက်ရှိသွားမည်ဖြစ်ကြောင်း အထွေထွေမန်နေဂျာ ဦးအတာဦးက Eleven Sports သို့ အတည်ပြုပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်က ရတနာပုံအသင်းနှင့် ရခိုင်အသင်းတို့ ကစားခဲ့သည့် MNL ပြိုင်ပွဲတွင် ရတနာပုံတိုက်စစ်မှူး အောင်သူနှင့် အသင်းဖော်နောက်ခံလူ ရဲရင့်အောင် (၁) တို့ စကားအချေအတင်ဖြစ်ခဲ့သည်။

အောင်သူသည် စကားအချေအတင်ဖြစ်ပြီးနောက် နည်းပြချုပ်ရှိရာဘက်သို့လှည့်ကာ သူ့အား လူစားလဲပေးရန်အတွက် အမူအရာဖြင့် တောင်းဆိုမှုပြုလုပ်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းများအရ တွေ့ရှိခဲ့ရသည်။

အဆိုပါပွဲစဉ်အပြီးတွင် အောင်သူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ''စေတနာနဲ့မတန်ပါဘူး။ နောက်ဆုံးပါပဲ''ဟု ရေးသားခဲ့သည်။

ယင်းအခြေအနေများကြောင့် ပရိသတ်များက ရတနာပုံအသင်း၌ အောင်သူဆက်ရှိနေရန် မသေချာတော့ကြောင့် သုံးသပ်ပြောဆိုမှုများ ရှိလာခြင်းဖြစ်သည်။

သို့သော် ရတနာပုံအသင်းအထွေထွေမန်နေဂျာ ဦးအတာဦးက ''ဒါတွေအားလုံးဟာ ကောလာဟလပဲဖြစ်ပါတယ်။ အောင်သူနဲ့ပတ်သက်တာတွေ အကုန်လုံးနဲ့ပတ်သက်ပြီး အပြင်မှာပြောဆိုနေကြတာတွေအားလုံးက ကောလာဟလတွေပါ။ သူ့အနေနဲ့ အသင်းမှာ မပျော်ရွှင်တော့ဘူး ပြောင်းရွှေ့ချင်နေပြီဆိုတာ မဟုတ်ပါဘူး။ သူဟာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သလို အားလုံးရဲ့ချစ်ခင်မှုကို ရထားတဲ့သူဖြစ်ပါတယ်။ အဲဒီနေ့ကဖြစ်သွားတဲ့ ဖြစ်စဉ်တွေအရ ကစားသမားတွေဟာ ရှုံးပွဲတွေများနေလို့ နိုင်လိုစိတ် အရမ်းပြင်းပြသွားပြီး နားလည်မှုလွဲမှားသွားကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စကို နည်းပြချုပ်နဲ့ အသင်းတာဝန်ရှိသူတွေက အချိန်မီဖြေရှင်းနိုင်ခဲ့တယ်။ ညှိနှိုင်းပေးနိုင် ခဲ့တယ်။ ဒါကြောင့်ပဲ ရခိုင်အသင်းကို ကျွန်တော်တို့အသင်းက ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ သူ အသင်းမှာ မပျော်တော့ဘူးဆိုတာ မဟုတ်ပါဘူး။ သူ့ရဲ့Statusကလည်း တိုက်ဆိုင်သွားတာဖြစ်တယ်လို့ သိရပါတယ်။ အောင်သူဟာ ရတနာပုံအသင်းနဲ့  ကာလရှည်စာချုပ်ရှိတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ရတနာပုံအသင်းမှာ မပျော်တော့ဘူး။ ပြောင်းရွှေ့ချင်နေပြီဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ လက်ရှိအချိန်မှာ သူ ပျော်ပျော်ရွှင်ရွှင်ဖြစ်နေပါပြီ''ဟု Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အောင်သူနှင့် ရတနာပုံအသင်းတို့၏စာချုပ်သက်တမ်းကိုမူ အတိအကျဖြေကြား ပေးရန် ၎င်းင်းက ငြင်းဆန်ခဲ့သည်။

Most Read

Most Recent