ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူ ၃၂၄ ဦးကို ပုဒ်မ ၁၈၈ ဖြင့် စက်တင်ဘာ ၃ ရက်က ထပ်မံအရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က စက်တင်ဘာ ၄ ရက်က သတင်းထုတ်ပြန်ခဲ့ပြီး နှစ်ရက်အတွင်း တစ်ထောင်နီးပါးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက်ညပိုင်းက ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ ကျား(၃၀၈)ဦး၊ မ(၁၆)ဦး၊ စုစုပေါင်း (၃၂၄) ဦး နှင့် မော်တော်ယာဉ် (၇၃) စီး၊ ဆိုင်ကယ် (၂၄) စီးတို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂ ရက်ညပိုင်းက ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ အမျိုးသား(၆၁၈)ဦး၊ အမျိုးသမီး(၂၉)ဦး၊ စုစုပေါင်း(၆၄၇)ဦး အပြင် မော်တော်ယာဉ်(၁၁၁)စီး၊ ဆိုင်ကယ်(၁၈)စီးတို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့်ပင် အရေးယူခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နှစ်ရက်အတွင်း အရေးယူခဲ့သူ စုစုပေါင်း ၉၇၁ ဦးထိရှိလာပြီ ဖြစ်သည်။
ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်ပါက ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ ထောင်ဒဏ်တစ်လမှ ခြောက်လအထိဖြစ်စေ၊ ငွေဒဏ်ကျပ်နှစ်ရာမှ တစ်ထောင်အထိဖြစ်စေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်၊ တားဆီးရေးအတွက် မြို့နယ်အလိုက် ညမထွက်ရ အမိန့်ထုတ်ပြန် ထားခြင်းဖြစ်ပြီး ည (၁၂)နာရီမှ မနက် (၄)နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ဆောင်ရွက်ထားခြင်း ဖြစ်သည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ အကြောင်းကြားမှုအရ COVID-19 ရောဂါသည် အများပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်စေသည့်အပြင် အသက်အန္တရာယ် သေဆုံးသည့်အထိ ဖြစ်ပွားလာနိုင်သဖြင့် ရန်ကုန်ကုန်တိုင်း ဒေသကြီးအတွင်း အဆိုပါ အမိန့်ကို ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်ကို ဧပြီလအတွင်းက စတင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။















