သံလွင်မြစ်ကူးတံတား (တာဆန်း) ကြိုးတံတား တည်ဆောက်ရေးစီမံကိန်းအတွက် သြစတြီးယားနိုင်ငံ၊ UniCredit Bank မှ ယူရို ၈ ဒသမ ၄ သန်း ချေးယူရေး ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
သြဂုတ် ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆိုပါချေးငွေနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက “ဒီချေးငွေဟာ လက်ရှိ ငွေစျေးနှုန်းနဲ့တွက်မယ်ဆိုရင် မြန်မာကျပ် ၁၃ ဘီလျံကျော်ကျော်လောက် ကုန်ကျမှာဖြစ်ပါတယ်။ ချေးငွေဟာ ပြန်ဆပ်ကာလ ၂၈ နှစ်ခွဲ သက်တမ်းရှိပြီးတော့ လုပ်ငန်းကတော့ ၂၀၂၀-၂၀၂၁ ကနေ ၂၀၂၁ -၂၀၂၂ နှစ်နှစ်ဖြစ်လို့ ဒီနှစ်နှစ်အတွင်းမှာ ငွေအားလုံး ထုတ်ယူသုံးစွဲရမှာဖြစ်ပါတယ်။ အတိုးမဲ့ဆိုပေမဲ့ အာမခံကြေး ၀ ဒသမ ၉ ရာ ခိုင်နှုန်းဖြစ်လို့ ဆိုင်းငံ့ကာလ ၁၄ နှစ်အတွင်းမှာ တစ်နှစ်ကို ယူရို ၀ ဒသမ ၀၇၅သန်း (ကျပ် ငွေသန်း ၁၂ဝခန့်)၊ ပြန်ဆပ်ကာလ ၁၄ နှစ်ခွဲမှာ အရင်းအတိုးအပါအဝင် ယူရို ၀ ဒသမ ၆၅၃ သန်း (မြန်မာငွေကျပ်သန်း ၁၀၀၀) ကျော်ကျော်လောက် နှစ်တိုင်းပေးရမှာ ဖြစ်ပါတယ်။ ပြီးတော့ ငွေမထုတ်ဖြစ်ဘူးဆိုရင် ကတိခံဝန်ကြေး ၀ ဒသမ ၆၅ ရာခိုင်နှုန်းနဲ့ သတ်မှတ်ချက်တဲ့နောက်ကျခြင်း နှစ်ရာခိုင်နှုန်းပေးရမှာဖြစ်လို့ နှစ်စဉ်လိုလို ကြွေးမြီ ခေါင်းစဉ်အောက်မှာ ဖြစ်ပေါ်နေတက်တဲ့ ချေးငွေထုတ်ယူမှု၊ ပြန်ဆပ်မှုများကို စာချုပ်စည်းကမ်းများနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ လိုမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် ကြိုးတံတားအတွက် ကြိုးနှင့် သံဘောင်ဆက်စပ်ပစ္စည်းတန်ဖိုးငွေက ချေးငွေ ၉၇ ရာခိုင်နှုန်းခန့်ရှိပြီး ပစ္စည်းအရည်အသွေး၊ အရည်အတွက်စိစစ်မှု၊ လေ့ကျင့်သင်ကြားမှု စသည့်ဝန်ဆောင်စရိတ်က တစ်ရာခိုင်နှုန်းခန့်နှင့် တံတားလုပ်ငန်းဆောင်ရွက်မှု လုပ်အားစရိတ်က နှစ်ရာခိုင်နှုန်းကျော်ကျော် ကုန်ကျနိုင်သည့်အတွက် သင့်လျော်မျှတကြောင်း ဦးခင်ချိုက ပြောကြားသည်။
အလားတူ ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခင်စောက “(တာဆန်း) တံတားဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ပိုင်းခြားထားသလို သံလွင်မြစ်အပေါ် ဖြတ်ကျော်တည်ဆောက်တဲ့ တံတားတစ်စင်းဖြစ်သလို မြန်မာ-ထိုင်း နှစ်နိုင်ငံ အဓိကဝင်ပေါက်တစ်ခုဖြစ်တဲ့ တာချီလိတ်မြို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းဖြစ်တဲ့အတွက်ကြောင့် နှစ်နိုင်ငံကုန်သွယ် တိုးမြှင့်နိုင်အတွက်ဟာ မဟာဗျူဟာအရ အရေးပါတဲ့ တံတားတစ်စင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် (တာဆန်း) တံတားအသစ်စီမံကိန်း ပြီးစီးသွားပါက မြန်မာနိုင်ငံအလယ်ပိုင်းက ဒေသထွက်ကုန်များ၊ ကုန်စည်များကို ရှမ်းပြည်နယ်အရှေ့ပိုင်းသို့သာမက အိမ်နီးချင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံများသို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုအတွက် များစွာအထောက်အကူဖြစ်မည်ကို သိရှိရပြီး ဒေသခံပြည်သူများအတွက် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမည့် အကျိုးကျေးဇူးကို ရရှိလာမည်ဖြစ်ကြောင်း နန်းခင်စောက ပြောကြားသည်။
သံလွင်မြစ်ကူးတံတား (တာဆန်း) ကြိုးတံတား တည်ဆောက်ရန်အတွက် သြစတြီးယားနိုင်ငံ၊ UniCredit Bank မှ ယူရို ၈ ဒသမ ၄ သန်းချေးယူရန် ပြည်ထောင်စုလွှတ်တော်သို့ သြဂုတ် ၂၄ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါတံတားသည် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့နှင့် ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် တည်ရှိသောကြောင့် နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှုအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
သံလွင်မြစ်ကူးတံတား (တာဆန်း) သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွားထားသည့် နမ့်စန်၊ မိုးနဲ၊ မိုင်းပန်၊ မိုင်းတုံ၊ မိုင်းဆက်၊ တာချီလိတ်လမ်း ၁၈၆ ကီလိုမီတာနှင့် ၁၈၇ ကီလိုမီတာကြားတွင် တည်ရှိသည့် တားတံအမှတ် (၁/၁၈၇) ဖြစ်သည်။
သံလွင်မြစ်ကူးတံတားဟောင်း (တာဆန်း) ကို ၁၉၉၆ ခုနှစ် စတင်တည်ဆောက်ခဲ့ပြီး စီမံကိန်းကာလ နှစ်နှစ်ခွဲခန့် ကြာမြင့်ခဲ့ပြီး ၁၉၉၉ ခုနှစ်၌ စတင်အသုံးပြုခဲ့ကာ တံတားသက်တမ်း ၂၁ နှစ်ရှိပြီးဖြစ်ကြောင်း၊ တံတားအရှည်မှာပေ ၉၀၀ ရှိပြီး တံတားခံနိုင်ဝန်ကို တန် ၃၀ အထိ ခွင့်ပြုခဲ့သော်လည်း သက်တမ်း ကြာမြင့်လာသည့်အမျှ တံတားခံနိုင်ဝန်ကို လက်ရှိတွင် ၁၆ တန်အထိသာ ခွင့်ပြုထားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် နမ့်စန်၊ မိုးနဲ၊ မိုင်းပန်၊ မိုင်းတုံ၊ မိုင်းဆက်၊ တာချီလိတ်လမ်းဟာ NH 23 လမ်းမကြီးဖြစ်ပြီးတန် ၃၀ အထက် ကုန်တင်ယာဉ်ကြီး ဖြတ်သန်းသွားလျက်ရှိရာ ၎င်းလမ်းပေါ်ရှိ (တာဆန်း) တံတားမှာ အဓိကကျသော တံတားဖြစ်သဖြင့် လက်ရှိကြိုးတံတား၏ ရေဆုံဘက်တွင် ခံနိုင်ဝန်တန် ၆ဝရှိသော တံတားအသစ်တစ်ဆင်း အဆင့်မြှင့်တင်တည်ဆောက်ရန် လိုအပ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
သြစတြီးယားနိုင်ငံ UniCredit ဘဏ်အနေဖြင့် မူဝါဒအရ နိုင်ငံတကာသို့ ပမာဏ မကြီးမားသည့် ချေးငွေများကို ရွေးချယ်ထုတ်ချေးလျက်ရှိပြီး ချေးငွေဆိုင်ရာစည်းကမ်းချက်များအရ ချေးငွေသက်တမ်း ၂၈ နှစ်ဖြစ်ကာ ဆိုင်းငံ့ကာလ ၁၄ နှစ်၊ ပြန်ဆပ်ကာလ ၁၄နှစ် ခြောက်လဖြစ်ကာ အတိုးနှုန်းမဲ့ဖြစ်ကြောင်း သိရသည်။