မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မှု အခြေအနေကြောင့် သောင်ရင်းမြစ်ကမ်းတစ်လျှောက်တွင် မြန်မာဘက်မှ ခိုးဝင်လာသူများ မရှိစေရေးဟုဆိုကာ လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။
လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာဘက်မှ ဝင်ရောက်လာသူများရှိပါက ထိုင်းတပ်မတော်ကို ပစ်မိန့်ပေးထားသည်ဟု သတင်းများ ပျံ့နှံ့နေသော်လည်း ယင်းသတင်းမှာ မှားယွင်းကြောင်း မဲဆောက်မြို့တော်ဝန် အကြံပေးပုဂ္ဂိုလ် မစ္စတာဖိဂျိုးက ပြောကြားသည်။
မဲဆောက်မြို့တော်ဝန်အကြံပေးပုဂ္ဂိုလ် မစ္စတာဖိဂျိုးက “မဟုတ်ဘူး။ မြန်မာအွန်လိုင်း သတင်းအချို့မှာ တက်နေသလို ပစ်မိန့်ပေးထားမရှိပါဘူး။ လုံခြုံရေးကို တင်းကြပ်ထားတာပါ။ ဒီနေ့တရားမဝင် မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာ တစ်ရာနီးပါးရှိပါတယ်။ အထောက်အထားရှိသူကို ပြန်လွှတ်ပေးတယ်။ အထာက်အထားမရှိသူတွေကို အရေးယူပြီးရင် မြန်မာနိုင်ငံဘက်ကို ပြန်ပို့မယ်လို့သိရပါတယ်” ဟု ပြောကြားသည်။

သြဂုတ် ၂၈ ရက်တွင် မဲဆောက်ခရိုင်၊ ၄ ခြေလျင်တပ်ရင်းမှူး ဗိုလ်မှူးကြီး Prasarn Sawaprasert နှင့်အတူ Naresuan အင်အားစုများ (ဝန်ထမ်း ၄ ဦးစီးချုပ်) ဗိုလ်ချုပ် Akkrit Nuttkhamhaeng နှင့်အတူ ထိုင်းနယ်စပ်တွင် စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။
ယင်းသို့ စစ်ဆေးရာတွင် မဲဆောက်အနီး Ban Huai Maung ၌ နေထိုင်သော မြန်မာနိုင်ငံသား ၁၀၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့အား စစ်ဆေးရာ တစ်ဝက်ခန့်မှာ တရားမဝင် ဝင်ရောက်လာသူများဖြစ်ပြီး ကျန်သူများမှာ တရားဝင် အထောက်အထားရှိသူများဖြစ်၍ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထိုင်း - မြန်မာနယ်စပ်ဒေသ Ban Huay Maung နှင့် Baan Rim Moei တို့တွင် COVID-19 ပြန့်ပွားပြီးနောက် တာ့ခ်ခရိုင်၊ မဲဆောက်ခရိုင်၊ သစိုင်းလွိုင်ခရိုင်ခွဲတွင် ထိုင်း - မြန်မာနယ်စပ်ကိုတင်းကြပ်ရန် လုပ်ဆောင်ထားပြီး သောင်ရင်းမြစ်တစ်လျှောက်တွင် လူများ ဝင်/ ထွက်မသွားရန် တားမြစ်ထားသည်။

ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းစစ်တပ်အား နယ်စပ်တစ်လျှောက်ကင်းလှည့်မှုများတွင် တင်းကြပ်ရန်အမိန့်ပေးခဲ့သည်ဟု ထိုင်းတပ်မတော်မှ ဗိုလ်ချုပ် Ukrit က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်ခွင့်ကို ကာကွယ်တားဆီးရန် ပြည်သူ့ကျန်းမာရေးဌာနနှင့်အတူ COVID-19 ကာကွယ်တားဆီးရေးအတွက် နယ်စပ်တလျှောက်တွင် နေထိုင်သူများအား ပညာပေးပြီး ထိုင်း - မြန်မာ နယ်စပ်ကော်မတီနှင့် တပ်မတော်တို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံအကြား တရားမဝင် ဖြတ်ကျော်ခြင်းကို အထူးတားမြစ်ထားကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။















